အဓမ္မပြုကျင့်သည်ဟု စွပ်စွဲကာ အိမ်ရှင်အဖိုးအိုအား အိမ်အကူက အမှုဖွင့်

ပို့စ်တင်ချိန် - 7/23/2013 05:18:00 PM


အိမ်ရှင်အဖိုးအိုတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲကာ အိမ်အကူအမျိုးသမီးတစ်ဦးက တိုင်ကြားမှုတစ်ခုကို သင်္ကန်းကျွန်း ရဲစခန်းက ဇူလိုင် ၂၁ ရက်တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှသတင်း ရရှိသည်။

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်တန်းသူမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် သင်္ကန်းကျွန်းမြို့နယ်တွင် အိမ်အကူအဖြစ် အသက်မွေးသူ ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

၎င်းသည် နေအိမ်အပေါ်ထပ်ရှိ ကြမ်းပြင်တွင် ခြင်ထောင်ထောင်၍ ညအိပ်နေစဉ် အိမ်ရှင်ဖြစ်သည့် အသက် ၆၈ နှစ်အရွယ် အဖိုးအိုက ပြောစရာရှိ၍ဆိုကာ ခြင်ထောင်ထဲသို့ ၀င်ရောက်ခဲ့သည်ဟု ကာယကံရှင်က ရဲကို ထွက်ဆိုထားသည်။

ထို့နောက် သူမကို အဖိုးအိုက အဓမ္မကျင့်ခဲ့ကြောင်း ထိုအဖြစ်အပျက်သည် ဇူလိုင် ၁၈ ရက် ညသန်းခေါင် အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲကို တိုင်တန်းရာတွင် စွပ်စွဲထွက် ဆိုထားသည်။

သူမထိုသို့ အဓမ္မကျင့်ခံရသဖြင့် နောက်နေ့တွင် တာမွေရှိ အဒေါ်ထံ သွားရောက်ကာ ပြောပြခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ရဲစခန်း၌ လာရောက်တိုင်တန်းခြင်း ဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အဓမ္မပြုကျင့်သူအဖြစ် စွပ်စွဲခံရသူမှာ ဦးရွှေမောင်ဦးဆိုသူဖြစ်ပြီး ရဲကသူ့ကို ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး အမှုအမှတ် (ပ)၃၀၈/၁၃ ဖြင့်လည်း အမှုဖွင့်ထားသည်ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲခံရသူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲခံရနိုင်ချေရှိသည်ဟုလည်း ရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese