ဝယ်ခွန်နှုန်း မပြောင်း၍ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်အေး

ပို့စ်တင်ချိန် - 7/23/2013 02:26:00 PM



ရန်ကုန်၊ ဇူလိုင် ၂၂

ဝယ်ယူခွန် လျှော့ပေါ့မည်ဟု မျှော်လင့်ချက်များဖြင့် အရောင်းအဝယ် သွက်ခဲ့သည့် အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနက ယခင်အတိုင်း ဆက်လက်ကောက်ခံမည်ဟု ဇူလိုင်လ ၂၀ ရက်နေ့က ကြေညာလိုက်သဖြင့် အရောင်းအဝယ် ပြန်လည် အေးစက် သွားကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

အခွန်နှုန်းထား လျှော့ချပေးရန် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့သည့် အကြံပြုချက်အပေါ် အခွန်နှုန်း နည်းပါးပါက အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ကုန်စည်သဖွယ် သိုလှောင် ရောင်းချနေကြသဖြင့် ဈေးနှုန်းအဆမတန် မြင့်မားစေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြန်လည် ကြေညာခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ လပိုင်းတွေကတော့ အခွန်လျှော့မယ်ထင်ပြီး ဝယ်တာတွေရှိလို့ အရောင်းအဝယ်များ နေရာကနေ အခုအခွန်မလျှော့ဘူးဆိုတော့ နည်းနည်းအေးသွားတယ်” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ဆိုသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူခွန် ယာယီလျှော့ပေါ့ပေးသည့် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အခွန်နည်းပါး၍ အိမ်၊ ခြံ၊ မြေ များကို စုဆောင်းဝယ်ယူသူများ ရှိလာပြီး ဈေးနှုန်း မြင့်မားမှုကို ဖြစ်စေသောကြောင့် ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်၍ ဝယ်ယူခွန် ၃၀ ရာခိုင်နှုန်းသို့ ပြောင်းလဲထားခြင်း ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် ပေးဆောင်ရမည့် ဝယ်ယူခွန် ၃၀ ရာခိုင်နှုန်းမှာ ဝင်ငွေရလမ်း မတင်ပြနိုင်မှသာ ပေးဆောင်ရမည်ဖြစ်ပြီး ဝင်ငွေရလမ်း တင်ပြနိုင်ပါက တည်ဆဲ အခွန်ဥပဒေများဖြင့်သာ ပေးဆောင်ရမည်ဖြစ်ကာ အခွန်ရှောင်ခြင်းများကို လျော့ကျစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ကြေညာသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူခွန်များ ယာယီလျှော့ပေါ့ပေးသည့် ငါးနှစ်တာကာလ အတွင်းတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ငွေပိုငွေလျှံ ရှိသူများ၏ ဝယ်ယူ စုဆောင်းမှုများကြောင့် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ စတင်မြင့်မားလာပြီး ယခုအချိန်တွင် အာရှ၏ မြေဈေးနှုန်း အမြင့်မားဆုံး နိုင်ငံများတွင် ပါဝင်နေပြီ ဖြစ်သည်။

The Voice Weekly