သန်လျင်နည်းပညာ ကျောင်းသားများမှ ညစ်ညမ်းဗီဒီယိုကို ပရော်ဂျက်တာနှင့် မပြခဲ့ကြောင်း ရှင်းလင်း

ပို့စ်တင်ချိန် - 8/18/2013 06:26:00 AM


ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့နယ်ရှိနည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား/သူ နှစ်ဦး မဖွယ်မရာ ပြုလုပ်မှုနှင့် ပတ်သက်၍ တက္ကသိုလ်မှ ပါမောက္ခ ဆရာမကြီးနှင့်တကွ တာဝန်ရှိသူ များက နှစ်ဖက် မိဘများကို အဆိုပါ တက္ကသိုလ်သို့ ခေါ်ယူ၍ ၎င်းတို့ သားသမီးများ၏ ဗီဒီယိုဖိုင်ကို ပရိုဂျက်တာနှင့် ပြသခဲ့သည် ဆိုသည့် ကောလာဟလမှာ မဟုတ်မှန်ကြောင်း ဇူလိုင်လ ၂၈ ရက် နံနက်က ယင်း နည်းပညာတက္ကသိုလ်ရှေ့ရှိ အကိုကြီးစားသောက်ဆိုင်တွင်ကျင်းပသည့် ကျောင်းသား ကျောင်းသူများ ကိုယ်စား အမှန်တရား ပေါ်ပေါက်ရန် ရှင်းလင်းခြင်း ခေါင်းစဉ်ဖြင့် ကျောင်းသား ခြောက်ဦးခန့်က မီဒီယာ များထံ ရှင်းပြသည့် သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာသံတော်ဆင့် ဂျာနယ်၌ နှစ်ပတ် ဆက်တိုက် ဖော်ပြခဲ့သည့် အကြောင်းအရာများကို ကန့်ကွက် ရှုတ်ချကြောင်း၊ ဂျာနယ်တွင် ဖော်ပြထားသကဲ့ ပရိုဂျက်တာနှင့် ပြသခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခင်တစ်ပတ် ဂျာနယ်တွင် ဖော်ပြထားသည့် ကိုဦးဆွေ၏ အိတ်ဖွင့်ပေးစာ မှာ မီဒီယာ စာမျက်နှာတွင် မဖော်ပြသင့်ကြောင်း၊ အဆိုပါ ဗီဒီယိုဖိုင်ကို ဗီဒီယို ခိုးရိုက်သည့်အထဲတွင် ကျောင်းဆရာ တစ်ဦး ပါဝင်သည် ဟု သုံးနှုန်းထားသည်မှာ မိမိတို့ စုံစမ်း စစ်ဆေးချက်များအရ မဟုတ် မှန်ကြောင်း၊ သန်လျင်မြို့နယ်ရှိ တည်းခိုခန်းများတွင် TTU (ThanLyin Technological University) ဝတ်စုံဖြင့် ကျောင်းသား စုံတွဲများမှာ အခန်းပြည့် ရှိနေသည်ဟု ရေးသားထားခြင်းနှင့် ရပ်ကွက်တွင်း ပါးစပ် သတင်းများကို သက်ဆိုင်ရာသို့ အတည်ပြု မေးမြန်းခြင်းမပြုဘဲ အယ်ဒီတာ့ထံ ပေးစာတွင် ဖော်ပြခဲ့သည့်အတွက် ကျောင်းသားထုကိုယ်စား ရှုတ်ချ ပြောဆိုလိုကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

သြဂုတ်လ ၂၂ ရက်ထုတ် မြန်မာသံတော်ဆင့် သတင်းစာ ဂျာနယ်တွင် ‘ကျောင်းသား/သူ နှစ်ဦး ညစ်ညမ်း ဗီဒီယိုဖိုင်ကို GTC ကျောင်းတွင် ပြသ” ဆိုသည့်ခေါင်းစဉ်ဖြင့် မျက်နှာဖုံး စာမျက်နှာပေါ်တွင် ညစ်ညမ်းသည်ကို ကိုယ်စားပြုသည့် ခရမ်းပြာရောင်ကို နောက်ခံသုံးကာ ဖော်ပြခဲ့ကြောင်း၊ အတွင်း စာမျက်နှာတွင် ကျောင်းမှ ပါမောက္ခ ဆရာမကြီးကို အရေးယူ ရန် ပြင်ဆင်နေသည်ဟု သုံးနှုန်းကာ အမည်းရောင် ဟိုက်လိုက် အသုံးပြု ၍ ကျောင်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေအောင် ရေးသားခဲ့ပြီး ကျောင်းသား အသိုင်းအဝိုင်းတွင် သာမက မိဘပြည်သူအထိ ပျံ့နှံ့စေခဲ့ကြောင်း၊ အင်တာနက် စာမျက်နှာပေါ်တွင် မည်သို့ပင် ပျံ့နှံ့စေကာမူ လူထုအားလုံး မသိနိုင်ဘဲ ပုံနှိပ် မီဒီယာတွင် ဖော်ပြခဲ့မှုမှာ အများပြည်သူကို အတည်ပြုပြီး သကဲ့သို့ ဖြစ်နေသည့်အတွက် အမှန်တရား ပေါ်ပေါက်စေရန် ရည်ရွယ်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းကဲသို့ ရေးသား ဖော်ပြမှုကြောင့် ကျောင်းသား/သူများ၏ ဂုဏ်သိက္ခာ ကျဆင်းစေကြောင်း၊ ယခုဆိုလျှင် အခြားကျောင်းမှ ကျောင်းသား/သူများက TTU (GTC) မှ ကျောင်းသူများကို ထိကပါး ရိကပါး ပြောဆိုခြင်းများရှိပြီး မိမိတို့ ကျောင်းဝတ်စုံကို ဝတ်ဆင်ရန်ပင် ရင်လေးနေမိကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ကျောင်းသူ တစ်ဦးက ပြောကြားခဲ့သည်။

“Hot ဖြစ်နေတဲ့ Topic ဆိုတာ လက်ခံပါတယ်။ တကယ်လည်း ဖြစ်ခဲ့ ပါတယ်။ ဒါပေမဲ့ ကလောင် နောက်ကွယ်က ရည်ရွယ်ချက်က စာမေးပွဲနီးပြီး အရေးကြီးနေတဲ့ ကျောင်းသားထုကို မခံမရပ်နိုင်ဖြစ် အောင်လုပ်ပြီး ဘာကို ဦးတည် ရည်ရွယ်တာလဲဆိုတာ စာရေးသူသာလျှင် သိပါမယ်။ တစ်ခုခု ရည်ရွယ်ချက်ရှိတယ်လို့ ခံစားရတယ်။ အင်ဂျင်နီယာ ကျောင်းသားတွေ မှာ ခေါင်းရှိတယ်။ ဒီလှည့်ကွက် တွေထဲမှာ အသုံးချ မခံနိုင်ပါဘူး” ဟု အထက်ပါ ကျောင်းသူကပင် ထပ်မံ ပြောကြားသည်။

ယင်းကဲ့သို့ ရေးသား ဖော်ပြခဲ့သည့် မြန်မာသံတော်ဆင့် ဂျာနယ်ကို TTU ကျောင်းသား/သူ အချို့က လက်မှတ် ရေးထိုးကာ ယင်းကဲ့သို့ ရေး သားမှု အတွက် တက္ကသိုလ်မှ တာဝန်ရှိသူများကို လာရောက် တောင်းပန်ရန်၊ မျက်နှာဖုံး စာမျက်နှာပေါ်တွင် တစ်လတိတိ တောင်းပန်ပေးရန်၊ အဆိုပါ တောင်းပန်စာ ထည့်သွင်းပေးလျှင် ပင် ရေးသားမှုအပေါ် မူတည်၍ စဉ်းစားပေးသွားမည်ဟု တောင်းဆိုထားကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသည်။

ကိုဦးဆွေ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာမှာ တာဝန်ရှိ ပြည်သူ တစ်ဦးက ၎င်းတွေ့မြင်နေရသည်ကို အပြုသဘောဖြင့် ရေးသားထားခြင်းဖြစ်ပြီး အချို့ အကြောင်းအရာများမှာ ငြင်းမရနိုင်သည့် အကြောင်းအရာများ ပါရှိကြောင်း၊ “ကျောင်းသား/သူ နှစ်ဦး ညစ်ညမ်း ဗီဒီယိုဖိုင်ကို GTC ကျောင်းတွင် ပြသ” ဆိုသည့် သတင်းဖော်ပြမှုတွင် အထောက်အထားမရှိဘဲ ရေးသားထားခြင်း မဟုတ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားမှု ကို ထည့်သွင်း ရေးသားထားခြင်းဖြစ်ပြီး သတင်းပေးသူ၏ အကျိုးစီးပွားကို ထိခိုက် နစ်နာနိုင်သည် ဖြစ်သည့်အတွက် မထည့်သွင်းခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရေးသားထားသည့် သတင်းနှင့် ပတ်သက်၍ အထောက်အထား အခိုင်အလုံ ရှိသည့်အတွက် ဥပဒေဘောင်အတွင်းမှ ဖြေရှင်းသွား မည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့် ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာဖြစ်သူ ဦးပြည့်စုံထွန်းက The Voice သို့ ပြောကြားသည်။

“စနောက်ခံရတယ်ဆိုတာလည်း ကျောင်းသားချင်းတွေပဲ ဖြစ်မှာပါ။ဘယ် လူကြီးသူမ တစ်ဦးကမှ ဒီကိစ္စကို နောက်ပြောင်မှာ မဟုတ်ပါဘူး၊ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီကဖြစ်တဲ့ သတင်းကို ကျွန်တော်တို့ သတင်းရေး တဲ့ နေ့နဲ့ တွက်ကြည့်ပါ၊ အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နေပြီး လူငယ်တွေရဲ့ ဖုန်းတွေမှာ ဒီလောက် ပျံ့နှံ့နေတာ။ ကျွန်တော်တို့ ဂျာနယ် ရေးသားထားလို့ ဖြစ်တယ်လို့ မထင်ပါဘူး၊ ဒီအရောင်ကို ကျွန်တော် တို့ တခြား သတင်းတွေမှာလဲ သုံးတယ်ဆိုတာ အရင် ဂျာနယ်တွေကို ကြည့်ရင် သိမှာပါ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

By မြန်မာပြည်