ကိုယ်ဝန်ဆောင်လိုက်၍ ကင်ဆာရောဂါရရှိသွားသူ

ပို့စ်တင်ချိန် - 8/18/2013 06:21:00 AM


အသက် ၃၈ နှစ်အရွယ် Helen Conway ဆိုတဲ့ အမျိုးသမီးဟာ ပထမ သမီးလေး ကိုယ်ဝန်ဆောင်ရတဲ့ အတွက် အပျော်ရွှင်ဆုံး လူသား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကလေးမွေးပြီး နောက်ပိုင်းမှာ သူ့မှာ အလွန်ရှားပါးတဲ့ ကင်ဆာရောဂါ တစ်မျိုး ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကင်ဆာရောဂါဟာ ကိုယ်ဝန်ဆောင်ချိန် ကာလမှာမှ ဖြစ်တဲ့ အမျိုးအစားလို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ တစ်နှစ်ကို အမျိုးသမီး အယောက် ၂၀ လောက်သာ ဖြစ်ပွားပြီး ကိုယ်ဝန်ဆောင်ချိန်မှာသာ ရှိတတ်တဲ့ အချင်း (Placenta) မှာ ကင်ဆာ စတင် ဖြစ်ပေါ်ပြီး ခန္ဓာကိုယ်အနှံ့ ပံျ့နှံ့တဲ့ ရောဂါပါ။ ဘာကြောင့်ဖြစ်မှန်း မသိရပေမယ့် ကိုယ်ဝန်ဆောင်ပြီး လအနည်းငယ် ဒါမှမဟုတ် နှစ်အတန်ငယ်ကြာမှ ဖြစ်ပေါ်တတ်တဲ့ ရောဂါဖြစ်ကာ ရောဂါ သတ်မှတ်ရ ခက်ခဲတတ်ပါတယ်။ ကွန်ဝေးမှာ အချင်းကင်ဆာ ဖြစ်နေကြောင်း မွေးပြီး ကိုးလအကြာမှာ သိရှိခဲ့တယ်လို့ သိရပါတယ်။ မွေးပြီး ခြောက်လအကြာမှာ သွေးဆင်းတာကြောင့် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးရာမှာ Positive အဖြေထွက်လာပါတယ်။

Scan ရိုက်ကြည့်ရမှ ကိုယ်ဝန်ကို မတွေ့ရှိပေမယ့် ဆက်လက် သွေးဆင်းနေတာကြောင့် ကိုယ်ဝန်ပျက်ကျ တယ်လို့ ထင်မှတ်ခဲ့ပါတယ်။ အမှန်မှာတော့ အချင်းမှာ ကင်ဆာဖြစ်နေတာကြောင့် ခန္ဓာကိုယ်က HCG ဟော်မုန်းတွေ ထွက်ရှိနေတဲ့ အတွက် ကိုယ်ဝန်ရှိတဲ့ အဖြေထွက်တယ်လို့ သိရပါတယ်။ နောက် ခြောက်လ အကြာမှာ ချောင်းဆိုးရင် သွေးပါလာတာကြောင့် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ကြည့်မှာ အဆုတ်မှာ အမည်း စက်လေးတွေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သူမကို အဆုတ်ကင်ဆာ ဖြစ်တယ်လို့ ထင်မှတ်ပြီး ဆက်လက် စစ်ဆေးရာမှ အချင်းကြောင့် ဖြစ်တဲ့ ကင်ဆာဖြစ်ပြီး အသည်း နဲ့ အဆုတ်ကို ပံျ့နှံ့နေတယ် လို့ သတ်မှတ် ပေးလိုက်ပါတယ်။ သူမကို ကင်ဆာဆေးဝါး ကုထုံးနဲ့ လေးလကြာ ကုသပေးပြီး နောက်ပိုင်းမှာ ရောဂါ ကင်းစင်သွားပြီလို့ ဆိုပါတယ်။ အချင်းကင်ဆာ ခေါ်တဲ့ Choriocarcinomaရှိတဲ့ အမျိုးသမီး ၉၀ ရာခိုင်နှုန်း ကျော်ဟာ အပြည့်အ၀ ပြန်လည် ကောင်းမွန်နိုင်တယ်လို့ သိရပါတယ်။

By ပြည်မြန်မာ