လယ်ခွန် ပြေစာအတုဟု ပြောသည့် မြေစာရင်းဌာနကို သမ္မတထံ တိုင်ကြားမည်ဟုဆို

ပို့စ်တင်ချိန် - 8/06/2013 03:49:00 PM

ဧရာဝတီတိုင်းဒေသကြီးမှ ဆုံးရှုံး လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ သော လယ်သမားများ၏ လယ်ခွန် ပြေစာများ ကို မြေစာရင်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက အတုများ ဖြစ်သည် ဟု ပြောဆိုခဲ့သဖြင့် ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော် သမ္မတထံ သြဂုတ်လ ၅ ရက်နေ့တွင် တိုင်ကြားမည် ဖြစ်ကြောင်း လယ်သမားများအရေး ကူညီ ဆောင်ရွက်ပေး နေသည့် ဦးမောင်မောင်အေးက ဆိုသည်။

၁၉၉၃ ခုနှစ်ကတည်းက ဒေသ အာဏာပိုင်များနှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များက အကြောင်း အမျိုးမျိုး ပြကာ သိမ်းယူထားသည့် လယ်ယာမြေများနှင့် ပတ်သက်၍ ကူညီ ဖြေရှင်းပေးရန် မော်လမြိုင်ကျွန်း မြို့နယ် မြေစာရင်း ဦးစီးဌာနသို့ တင်ပြရာ ယခု တောင်းဆိုသော လယ်မြေ များသည် မြေလွတ် မြေရိုင်းများ ဖြစ်သဖြင့် လယ်သမားများနှင့် မသက်ဆိုင် ဟု ဌာနက ပြောဆိုကြောင်း၊ ယင်းကြောင့် လယ်သမားများက လယ်ခွန် ပြေစာများ ထုတ်ပြခဲ့ရာ ပြေစာများမှာ အတု ဖြစ်သည် ဟု မြေစာရင်း ဦးစီးဌာနမှ တာဝန်ခံ ဖြစ်သူက ပြန်လည် ပြောဆိုခဲ့ကြောင်း လယ်သမားများက တညီတညွတ်တည်း ပြောကြားသည်။

မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ ဘိုကလေးနှင့် ကျိုက်လတ် မြို့နယ်တို့မှ လယ်သမား ၃၀ ကျော် စုပေါင်း လက်မှတ် ရေးထိုးကာ သမ္မတထံ တိုင်ကြား မည် ဖြစ်ကြောင်း မြန်မာ သတင်းစာဆရာများ ကွန်ရက် ရုံးခန်းတွင် ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။

မတရား သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးအတွက် ဇူလိုင်လ အတွင်းက လယ်သမား တစ်ထောင်ကျော် ဆန္ဒ ထုတ်ဖော်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲမှူး၊ မြေစာရင်း ဦးစီးမှူးနှင့် တရားသူကြီးတို့ က ဖြေရှင်းပေးရန် အချိန် သုံးလ စောင့်ပါဟု ပြောဆိုခဲ့သော်လည်း ယနေ့ အထိ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း မော်လမြိုင်ကျွန်း မြို့နယ် တံခွန်တိုင် ကျုံဝါးကျေးရွာမှ လယ်သမား တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့မှာ ငွေလည်း မရှိ၊ ပညာလည်း မတတ်တော့ ကျွန်တော်တို့ ဘာပြောပြော သူတို့က အရေးယူ မပေးဘူး” ဟု ၎င်းက ဆိုသည်။

လယ်ယာမြေများအတွက် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီကို ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ် မြေတိုင်း စာရေး၊ လယ်သမား ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖ နှစ်ဦးတို့ဖြင့် အာဏာပိုင်များက ဖွဲ့စည်း ပေးရာတွင် ဒေသခံ လယ်သမားများ၏ အကျိုးကို ကိုယ်စား မပြုသူများ ပါဝင်နေကြောင်း လယ်သမားများက ပြောကြားသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ထွန်တုံး တိုက်ပွဲ ဆင်နွှဲခဲ့သည့် လယ်သမားများ ကို လယ်သိမ်းထားသူ များက ပြန်လည် တရား စွဲဆိုထားကြောင်း၊ မြို့နယ် တရားရုံးတွင် နေ့စဉ် လယ်သမား ၉၀ ဝန်းကျင်မှာ တရား ရင်ဆိုင်နေ ရကြောင်း၊ အမှုကို ထိရောက်စွာ မစစ်ဆေးဘဲ ရုံးချိန်းကို မကြာခဏ ချိန်းဆိုနေသဖြင့် စရိတ်စက များစွာ ကုန်ကြောင်း ၎င်းတို့က ဆက်လက် ပြောဆိုသည်။

အောင်မျိုးထက်

မြ၀တီ