စာဖတ်ကျင့်ကို အိမ်အတွင်းမှ စကြပါ

ပို့စ်တင်ချိန် - 9/06/2013 06:14:00 PM


ဒီတစ်ပတ် The Voice ရဲ့ ပညာရေးကဏ္ဍမှာ လူငယ်တွေရဲ့ စာဖတ်စွမ်းရည်နဲ့ ပညာရေး ဘယ်လိုဆက်စပ်နေတယ် ဆိုတာ တင်ပြသွားပါမယ်။ အဲဒီလိုတင်ပြရာမှာ လူငယ်တွေရဲ့ စာဖတ်စွမ်းအား မြှင့်တင်ဖို့အတွက် အခရာဖြစ်တဲ့ မိဘတွေရဲ့ အခန်းကဏ္ဍ ကိုလည်း ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီခေတ်မှာ လူငယ်တော်တော်များများက စာသိပ်မဖတ်ကြဘူး။ ဂိမ်းဆော့တယ်၊ ဖေ့ဘုတ်စ်သုံးတယ်၊ အင်တာနက်မှာ အချိန်ဖြုန်းတယ်ဆိုပြီး စာရေးသူနဲ့ သိတဲ့သူအချို့က သူတို့သား သမီးတွေကို စာကောင်း စာမွန်တွေ ဖတ်စေချင်ကြတယ်။ အဲဒီလိုစာဖတ်တယ် ဆိုတာ စာဖတ်ချင်စိတ် ရှိမှရတာ။ အဲဒီလို စာဖတ်ချင်စိတ်ရှိအောင်လည်း ကိုယ့်ဝန်းကျင်မှာ စာဖတ်နိုင်တဲ့ ဝန်းကျင်တစ်ခုကို တည်ဆောက်ထားဖို့ လိုပါတယ်။ ဆိုလိုတာက စာအုပ်စာကောင်းမရှိတဲ့ အိမ်မှာ ကိုယ့်ကလေးတွေကို စာဖတ်ပါလို့ချည်း ပြောနေလို့ မရဘူး။ သူတို့လက်လှမ်းမမီတဲ့ နေရာတိုင်းမှာ စာအုပ်စာကောင်းတွေ ရှိဖို့လိုပါတယ်။

စာရေးသူတို့ တိုင်းပြည်မှာ ဝန်းကျင်တည်ဆောက်မှု အရမ်းအားနည်းတယ်။ ဆိုလိုတာ လုပ်ချင်တာ၊ ဖြစ်ချင်တာတွေပဲ ပြောနေတာ။ အဲဒီလို လုပ်ချင်၊ ဖြစ်ချင်တာတွေ လုပ်ဖို့၊ ဖြစ်ဖို့ဆိုတဲ့ ဝန်းကျင်ကျတော့ မရှိဘူး။ ဖန်တီးမထားကြဘူး။ ဒီတော့ စာရေးသူတို့နိုင်ငံရဲ့ ပြဿနာအတော်များများဟာ အဖြေမရှိတဲ့ ပုစ္ဆာလိုပဲ။ ဘာလုပ်ရမယ်ဆိုတာ သိသိနဲ့ ဘာမှဖြစ်မလာဘူး။ အမှိုက်တွေ မပစ်ကြပါနဲ့ဆိုလည်း ပစ်တာပဲ။ ကွမ်းတံ တွေးတွေ မထွေးကြပါနဲ့ ဆိုလည်း ထွေးတာပဲ။ ကားအရမ်းမမောင်းကြပါနဲ့ ဆိုလည်း မောင်းတာပဲ။ ဒီလိုနဲ့ လုပ်တဲ့သူကလုပ်၊ ရှုပ်တဲ့သူက ရှုပ်နဲ့ မုန့်လုံးစက္ကူကပ်၊ ဘာပြဿနာ ရယ်မှ ပီပီပြင်ပြင်၊ ရှင်းရှင်းလင်းလင်း ဖြစ် သွားတယ်ဆိုတာ မရှိဘူး။ အဲဒီအမှိုက်ကို မပစ်အောင်၊ ကွမ်းကိုမထွေးအောင်၊ ကားကို စည်းမဲ့ကမ်းမဲ့ မမောင်းအောင် ထိန်းကွပ်၊ ထိန်းညှိပေးနိုင်မယ့် ဝန်းကျင်အား နည်းနေလို့ပါ။
ဒီတော့ မိဘတွေအနေနဲ့ အခုလို အလွယ်တကူ လုပ်ကျင့်ရှိတဲ့ မြန်မာ့လူ့အဖွဲ့ အစည်းမှာ ကိုယ့်ကလေးတွေ စည်းနဲ့ကမ်းနဲ့ ရှိဖို့၊ စာကောင်းပေကောင်းဖတ်ဖို့ ဆိုတာ ကိုယ်ကိုယ်၌က ကိုယ့်အိမ်မှာ ကလေးတွေ အတွက် စာကောင်းစာပေဖတ်ဖို့ ဝန်းကျင် တစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။ စာရေးသူ အိမ်အတော်များများ ရောက်ဖူးတယ်။ လူငယ်လူရွယ်တွေ အလွယ်တကူဖတ်နိုင်မယ့်၊ သူတို့ အတွေးအခေါ်တွေကို အားပေးမယ့် စာကောင်းစာပေဆိုတာ သိပ်မတွေ့ရ တတ်ဘူး။
နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်တွေလောက်ပဲ တွေ့ရတတ်တယ်။ တချို့ ကလည်း စာအုပ်တွေရှိပါတယ် ဆိုပြီး ထုတ်ပြကြတယ်။ သိပ်မြင့်တဲ့ဟာတွေပေါ့နော်။ ဖဆပလခေတ်က စာအုပ်တွေ၊ နိုင်ငံရေး ကျမ်းတွေ၊ သမိုင်းစာအုပ်တွေ၊ တက်ကျမ်းတွေ အဲဒါတွေကျတော့ သိပ်မြင့်သွားပြီ။ ပြီးတော့ အကြောင်းအရာတစ်ခုတည်းကို ဇောင်းပေးရေးထားတာ ဆိုတော့ လူငယ်တွေ သိပ်စိတ်မဝင်စားကြဘူး။ ဒီတော့ သူတို့ဆီမှာ အဲဒီစာအုပ်တွေ ဖုန်တက်နေတာ အဆန်းတော့မဟုတ်ဘူး။
ဆိုလိုတာက ကိုယ့်သားသမီးတွေ စာဖတ်စေချင်ရင် ကိုယ့်အိမ်မှာ စာအုပ်အစုံ အလင် တတ်နိုင်သလောက် ထားရပါမယ်။ စာရွေးပြီး စုရပါမယ်။ ဗဟုသုတဖြစ်စေမယ့် စာအုပ်တွေ ရှိရမယ်။ အိမ်ကျဉ်းသည့်တိုင် စာအုပ်စင် အသေးလေးတစ်ခုတော့ ရှိသင့်တယ်။ အဲဒါဟာ အဲဒီအိမ်ရဲ့ စာကြည့်တိုက်ပဲ။ မိဘတွေဟာ အဲဒီစာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးပဲ။ ကိုယ်ကိုယ်တိုင် ကလည်း ဖတ်ပြရမယ်။ ဒါမှ သားသမီးက နောက်ကလိုက်လာမှာပေါ့။
စာရေးသူ နယ်မှာ တာဝန်ကျလို့ မိတ်ဆွေအိမ်တစ်အိမ် သွားလည်ဖြစ်တယ်။ သွားတိုင်း အိမ်ထောင်ဦးစီးက နှစ်လုံး၊ သုံးလုံး တွက်နေတတ်တယ်။ ကွမ်းတဗျစ်ဗျစ် ထွေးတယ်။ သူ့အိမ်ရောက်တိုင်း စာရေးသူကို သူ့ကလေးတွေကို ဆုံးမပါ၊ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်၊ စာဖတ်စေချင်တယ်၊ သူအမြဲပြောတယ်။ ဖခင်တစ်ယောက်ရဲ့ စေတနာကို လေးစားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်က ပြင်ဖို့လိုတယ်။ နှစ်လုံး၊ သုံးလုံး ထိုးတဲ့၊ တွက်တဲ့အိမ်က ကလေးတွေက နှစ်လုံး၊ သုံးလုံး စိတ်ဝင်စား လာကြမှာပဲ။ ကွမ်းတဗျစ်ဗျစ် ထွေးတာ မြင်ရင် ဒီကလေးတွေလည်း ကွမ်းစားလာ ကြမှာပဲ။ ကိုယ့်ကလေးတွေ တကယ်ကောင်း စေချင်ရင် ကိုယ်ကိုယ်တိုင်က ပြင်ဖို့လို တယ်။ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်ကလေး တွေ မှန်မှန်ကန်ကန် ရှုမြင်တွေးခေါ်တတ် စေမယ့် ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့လို တယ်။ ဖန်တီးဖို့လိုတယ်။
စာရေးသူတို့နိုင်ငံရဲ့ လူတွေရှင်သန် ရတဲ့ဝန်းကျင်ဟာ အမြဲတမ်းပူလောင်နေ တယ်။ ပဋိပက္ခ အလွယ်တကူဖြစ်စေတယ်။ လူတွေ ပင်ပင်ပန်းပန်း ရုန်းကန်ကြရတယ်။ အိမ်အပြင်ထွက်တာနဲ့ အော်သံ၊ ဟစ်သံ၊ အလှူခံသံ၊ ကားသမားတွေ ဆဲဆိုသံ၊ ဘတ်စ်ကားပေါ် ပြေးတက်ကြတဲ့ မြင်ကွင်း တွေကအစ ဘာမှစိတ်ချမ်းသာစရာ မရှိဘူး။ စာရေးသူ အဆိုးအမြင်နဲ့ ရေးနေ၊ တင်ပြနေတာ မဟုတ်ဘူးနော်။ ကိုယ်ရောက်ခဲ့ ဖူးတဲ့ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက လူတွေ ရှင်သန်ရတဲ့ ဝန်းကျင်နဲ့ ယှဉ်ပြီး ပြောနေတာ။ ဟိုးခပ်ဝေးဝေးက ဂျပန်တို့၊ ကိုရီးယားတို့နဲ့ ယှဉ်ပြီး ပြောနေတာမဟုတ်ဘူး။ ဒီတော့ အဲဒီလို ပူလောင်၊ ဆူလောင် ဝန်းကျင်တွေထဲ မှာ သွားလာကျင်လည်နေရတဲ့ ကိုယ့်သား သမီးတွေကို အပြင်စရိုက်တွေ များများ မဝင် မလွှမ်းစေဘဲ ကိုယ့်အိမ်မှာ စာကောင်း ပေကောင်းတွေနဲ့ ယဉ်ပါးစေချင်တယ်။
စာရေးသူအိမ်မှာ အဖေက အလေ့ အကျင့်လုပ်ပေးထားတော့ ငယ်စဉ်ကတည်း က အိမ်တွင်းစာဖတ်ခြင်းဆိုတာနဲ့ ယဉ်ပါး ခဲ့ရတယ်။ အိမ်မှာ ၁၉၅၄ ခုနှစ်နဲ့ အဲဒီခုနှစ် များဝန်းကျင်က ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်း စာအုပ် ၁၄ အုပ်ရှိတယ်။ အရင်ဝန်ကြီးချုပ် ဦးနုလက်ထက်က ထုတ်ခဲ့တဲ့ စာအုပ်တွေ ပါ။ စာအုပ်တစ်အုပ်မှာ စာမျက်နှာ ၄ဝဝ ကျော်၊ ၅ဝဝ နီးပါး ရှိတယ်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သမိုင်း၊ သိပ္ပံ၊ အတ္ထုပ္ပတ္တိ အစုံပါတယ်။ စာရေးသူငယ်ငယ် ကတည်းက အဲဒီ စွယ်စုံကျမ်းစာအုပ် ၁၄ အုပ်နဲ့ ကြီးပြင်းလာခဲ့ရတာ။ အဖေက အဲဒီ စာအုပ်တွေကို အလွယ်တကူ မြင်နိုင်၊ တွေ့ နိုင်တဲ့နေရာမှာ ထားပေးတယ်။ မဖတ်ဘူးလို့ သူထင်ရင် ဖတ်အောင် လမ်းကြောင်းပေး တယ်။ လေ့ကျင့်ပေးတယ်။
အဲဒီလိုနဲ့ စာရေးသူ ကမ္ဘာ့နိုင်ငံ အကြောင်းတွေ၊ လူပုဂ္ဂိုလ်အကြောင်းတွေ၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း စသဖြင့် ယဉ်ပါးလာခဲ့တယ်။ ငယ်ငယ်ကတည်းက စွယ်စုံကျမ်း မှာပါတဲ့ တိုက်တာမြင့်မြင့်မားမားနဲ့ မြို့ကြီးတွေ တွေ့ရင် ကိုယ့်တိုင်းပြည်ကို ငယ်စဉ်ကတည်းက အဲဒီလို အရမ်းဖြစ်စေချင်ခဲ့တယ်။ ဘယ်တော့ ဖြစ်လာမလဲလို့လည်း အမြဲတွေးခဲ့တယ်။ နိုင်ငံခြားရောက်ဖူးချင် တဲ့စိတ်တွေလည်း အရမ်းဖြစ်ခဲ့တယ်။ စွယ်စုံကျမ်းမှာပါတဲ့ နိုင်ငံခြားတက္ကသိုလ် ကြီးတွေကြည့်ပြီး တစ်ချိန် ငါ နိုင်ငံခြားမှာ ကျောင်းတက်ရမယ်လို့ ကျိတ်တွေးခဲ့ဖူးတယ်။ အရွယ်ရောက်လာတော့ အဲဒီငယ် ငယ်ကတည်းက တွေးခဲ့၊ ဖတ်ခဲ့တာတွေက ကိုယ့်ဘဝမှာ တွန်းအားတွေဖြစ်လာတယ်။ အဖေက သူမဆုံးခင်မှာတောင် နေမကောင်းတဲ့ ကြားက အဲဒီစွယ်စုံကျမ်းစာအုပ်ကြီး ၁၄ အုပ်ကို အဖုံးအသစ်တွေ ပြန်ဖုံးပေး သွားခဲ့တယ်။ အဖေ့ဆီကရတဲ့ အကောင်းဆုံး အမွေတစ်ခုပါပဲ။
စာရေးသူ UN မှာ အလုပ်လုပ်စဉ် နယ်အတော်များများကို ရောက်ဖြစ်တယ်။ Project တွေမှာရှိတဲ့ စာကြည့်ခန်း၊ စာကြည့်တိုက် ဆိုတာတွေ ဝင်လေ့လာဖြစ်တယ်။ စာရေးသူတို့ လာချိန်မို့လားတော့ မသိဘူး၊ ကလေးတွေ၊ လူငယ်တွေ စည်စည် ကားကားနဲ့ တွေ့ရတတ်တယ်။ စာကြည့်တိုက် ထဲမှာလည်း စာအုပ်စာတမ်း အတော်စုံပါရဲ့။ ဂျာနယ်၊ ကာတွန်းတွေလည်း ရှိတယ်။ စာရေးသူ မသိမသာ အချိန်ပေးပြီး လေ့လာကြည့်တယ်။ ကလေးအတော်များများက ကာတွန်းတွေလောက်ပဲ ဖတ်ကြတယ်။ ကလေးဆိုပေမယ့် ဆယ်ကျော်သက်တွေကို ပြောတာပါ။ တချို့လူငယ်တွေ ဆိုရင် သူတို့ ဦးစားပေးတာ လက္ခဏာ၊ ဗေဒင်ကဏ္ဍ ဖတ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက်တောင် မျှလိုက်သေးတယ်။ ဆောင်းပါး၊ နိုင်ငံရေးသတင်း ဖတ်တာမျိုး တော်တော် ရှားတယ်။ မဖတ်ချင်တဲ့သူကို ဖတ်ပါ ပြောလို့တော့ ဘယ်ဖြစ်မလဲ။
ဖြစ်နိုင်ရင်တော့ စာကြည့်တိုက်မှူး တွေ၊ စာကြည့်ခန်း တာဝန်ရှိသူတွေကလည်း လမ်းကြောင်း (Guide) ပေးဖို့ လိုမယ် ထင်ပါတယ်။ နိုင်ငံခြားမှာဆို စာကြည့်တိုက်မှူးတွေ ဆိုတာ ပညာရှင်တွေပဲ။ လစာလည်း ကောင်းကြတယ်။ စာဖတ်သူအနေအထားကို လေ့လာပြီး စာကြည့်တိုက်တွေထဲမှာ စာအုပ်တွေကို ခဏခဏ အပြောင်းအလဲလုပ်တယ်။ တကယ်တော့ သူတို့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ စာဖတ်စွမ်းအား မြှင့်တင်ရေးနဲ့ အမျိုးသား ပညာရေးမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အမျိုး အစားကို မသိမသာ အပြောင်းအလဲလုပ်ပေးဖို့ လိုတယ်။ ဗဟုသုတဖြစ်စေမယ့် စာတွေ၊ အသက်အရွယ်အလိုက် ဦးနှောက်ကို စိန်ခေါ်စေမယ့်စာတွေ၊ ကလေးတွေ၊ လူငယ်တွေ အလွယ်တကူ လက်လှမ်းမီအောင် စာကြည့်တိုက် တွင်းမှာတင် ဈေးကွက် (Marketing) ဖော်ရမယ်။ တဖြည်းဖြည်းနဲ့ အပျော်ဖတ် စာပေတွေကို အာရုံစိုက်မှု လျော့သွားစေရ မယ်။ ဆိုလိုတာ စာဖတ်သူတွေရဲ့ စာဖတ်ချင်စိတ်၊ စာဖတ်စိတ်ကို အတွေးမှန်၊ အသိမှန် ရစေမယ့် လမ်းကြောင်းတစ်ခုအပေါ် ဆွဲတင်သွားနိုင်ဖို့ပါ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က စာကြည့်တိုက်မှူးတွေ၊ စာကြည့်တိုက် တာဝန်ရှိသူ တွေရဲ့ စေတနာပါမှု၊ အချိန်ပေးနိုင်မှု၊ အတွေ့အကြုံရင့်ကျက်မှု၊ အမြင်ကျယ်မှုတွေ ပေါ်မှာ အများကြီးမူတည်ပါတယ်။ အကယ်၍ သူတို့ကိုယ်တိုင်က ကာတွန်းထိုင်ဖတ်၊ ဗေဒင်လက္ခဏာ၊ ဂမ္ဘီရလောက်ပဲ စိတ်ဝင်စား နေရင်တော့ အဲဒီစာကြည့်တိုက် တွေက အရေအတွက်ကနေ အရည်အချင်းကို ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ့်သားသမီးတွေ စာများများ ဖတ်စေချင်တယ်ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်စာအုပ်စင်က စကြဖို့ လိုပါတယ်။ အဲဒီ အိမ်တွင်းစာကြည့်တိုက် တွေကို စာအုပ် တစ်အုပ်နဲ့ စလည်း ရတယ်။ စာအုပ် ၁၀ အုပ်နဲ့ စလည်းရတယ်။ ရန်ကုန်မှာ မိဘ အတော်များများက ကိုယ့်သားသမီးတွေကို British Council လို၊ American Centerလို နေရာတွေဆီ အထင်တကြီး ပို့တတ်ကြ တယ်။ စာကောင်းစာမွန်တွေ အဲဒီမှာ အများကြီးတွေ့ပြီး ကိုယ့်သားသမီးတွေ အသိဉာဏ် ကြီးပွားတိုးတက်လာမယ်လို့ ထင်ကြတယ်။ မမှားပါဘူး။ ဒီစာကြည့်တိုက် တွေမှာ ပညာရပ်ဆိုင်ရာစာအုပ်တွေ အရမ်း စုံတယ်။ သင်တန်းတွေရှိတယ်။ သင်ထောက်ကူပစ္စည်း ကအစ အပြည့်အစုံ ထားပေးတယ်။ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မိမိကိုယ်၌က တကယ့်ကို ကြိုးစားချင်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်၊ စာဖတ်ချင်စိတ် မရှိဘဲ ဘယ်လောက်ကောင်းတဲ့ စာကြည့်တိုက်တွေ၊ ရင်းမြစ်ဌာန (Resources Center) တွေသွားသွား ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တစ်ခါတစ်လေ အဲဒီက ပို့ချတဲ့စာတွေ၊ သူငယ်ချင်းတွေရဲ့ တိုးတက်မှုကို မလိုက်နိုင်လို့ စိတ်ကျရောဂါလို ဖြစ်သွားတဲ့ ကျောင်းသားတွေတောင် တွေ့ခဲ့ဖူးတယ်။ ပြီးတော့ အဲဒီမှာ ပုံတွေလောက်ကြည့်၊ ကြော်ငြာလောက် သာဖတ်၊ သင်တန်းအပျော်တက်၊ ဟိုဟိုဒီဒီ မျက်စိကစားပြီး အချိန်ဖြုန်း၊ အချိတ်အဆက် လုပ်ချင်သူတွေလည်း အများကြီးပါ။
ဒါကြောင့် ဒီစာဖတ်ကျင့်ကို ကိုယ့်အိမ်မှာပဲ အစပြု ပျိုးထောင်ပေးစေချင်ပါ တယ်။ အထူးသဖြင့် နယ်မှာဆို လူငယ်တွေ စာဖတ်အား သိပ်နည်းပါတယ်။ အခုလို လက်ကိုင်ဖုန်းတွေ လူတိုင်းနီးပါး (အတော်များများ) ကိုင်နိုင်ပြီဆိုတော့ အဲဒီဖုန်းတွေ တစ်ချိန်လုံး ကလိနေကြသူတွေ အများကြီးပါ။ အင်တာနက်က တွေ့သမျှ သတင်းတွေဖတ်၊ မိန်းကလေးပုံတွေ ဖလှယ်၊ အတင်းအဖျင်း သတင်းတွေ မျှကြနဲ့၊ နယ်လိုနေရာမျိုးမှာ ပညာရေးနဲ့ ပတ်သက်ရင် ရန်ကုန်လို မဟုတ်ဘဲ သွားစရာ၊ လုပ်စရာကလည်း နည်းလေတော့ ဒီလူငယ်တွေရဲ့ ရှေ့ရေး စဉ်းစားကြည့်ရင် အတော်ရင်လေးဖို့ ကောင်းပါတယ်။ နယ်ဆိုပေမယ့် နယ်မှာနေတဲ့ လူတွေက အများစုမဟုတ်လား။ စာကောင်းစာပေ စာဖတ်ကျင့်မရှိတဲ့ အဲဒီမျိုးဆက်က ပွားလာတဲ့ နောက်မျိုးဆက်ကလည်း သူ့ရှေ့က မျိုးဆက်လိုပဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနေကြမယ် ဆိုရင် ကျွန်တော်တို့ မြန်မာတွေ ဘယ်သောအခါမှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ကြမယ် မဟုတ်ပါဘူး။ ဒေသတွင်း အာဆီယံလို နေရာမျိုးမှာတောင် ဟိုးနောက်နားက အတော်လှမ်းလှမ်း ပြတ်ကျန်ခဲ့ပါလိမ့်မယ်။ အခုလည်း ကျန်နေပါပြီ။ ဒါကြောင့် တစ်ဦး တစ်ယောက်ချင်းကနေ တစ်စုတစ်ဖွဲ့၊ တစ်စုတစ်ဖွဲ့ ကနေ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ စာဖတ်စွမ်းရည် မြှင့်ဖို့လိုနေပါတယ်။ ဒါဟာ အမျိုးသားရေး တာဝန်တစ်ရပ်လည်း ဖြစ်တယ်။ ဒီတော့ မိဘများအနေနဲ့ အိမ်တိုင်း အိမ်တိုင်းရဲ့ ဧည့်ခန်းကိုယ်စီမှာ ကိုယ်နိုင်သလောက် စာအုပ်စင်လေးတွေ ထားကြရင် အဲဒီအမျိုးသားရေးတာဝန် တစ်စိတ်တစ်ပိုင်းကို ကိုယ့်သားသမီး တစ်ဦးချင်းက တစ်ဆင့် စာဖတ်စွမ်းရည် ပြုစုပျိုးထောင်ပေးကြရင်း ကူညီပါဝင် ပံ့ပိုးပေးနိုင်ကြပါစေလို့ ဒီဆောင်းပါးက တစ်ဆင့် တိုက်တွန်းပါရစေ။
အောင်အောင် (IR)
The Voice