Living Color Media မန္တလေး ရုံးခန်း ဖောက်ထွင်းခံရ

ပို့စ်တင်ချိန် - 9/06/2013 09:18:00 AM


မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၆၃x၆၄ နှင့် ၂၄x၂၅ လမ်းကြား၊ မြသီတာလမ်းသွယ်ရှိ Living Color Media ၏ ရုံးခန်းတွင် စက်တင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းက ဖောက်ထွင်း ခိုးယူခံရမှု ဖြစ်ပွားခဲ့ရာ ငွေကျပ် ကိုးသိန်းခြောက်သောင်းကျော် ခိုးယူခံခဲ့ရသည်။

အဆိုပါ ရုံးခန်းတွင် ဖြန့်ချိရေး ဝန်ထမ်းများဖြစ်သော ဦးဂျက်တူးတူး နှင့် ဝန်ထမ်းသုံးဦးတို့သည် စက်တင်ဘာ ၅ ရက်နေ့ နံနက် ၆ နာရီ ၁၅မိနစ်က နေ့စဉ်ထုတ် သတင်းစာ ဖြန့်ချိရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ရုံးခန်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သော့ခတ်ထားသော ခြံတံခါးမှာ ပွင့်နေပြီး ရုံးခန်း အတွင်းသို့ ဝင်ရောက်ကြည့်ရှု ခဲ့ရာတွင် စာရင်းကိုင်ဝန်ထမ်း၏ စားပွဲအတွင်း သိမ်းဆည်း ထားသော ငွေကျပ် ကိုးသိန်းခြောက်သောင်းကျော် မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် အောင်မြေသာစံ မြို့နယ် အမှတ်(၁) ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားသည်။

ယင်းဖောက်ထွင်းမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ရုံးခန်း ဘေးတစ်ဖက်တစ်ချက်ရှိ နေအိမ်များတွင် တပ်ဆင်ထားသော CCTV ကင်မရာမှတစ်ဆင့် ရရှိသော အချက်အလက်များကို အခြေခံကာ အောင်မြေသာစံမြို့နယ် အမှတ်(၁) ရဲစခန်းက စုံစမ်း စစ်ဆေးလျက်ရှိသည်။

မန္တလေးမြို့နှင့် နေပြည်တော်တွင် နေစဉ်ထုတ် သတင်းစာကို အချိန်မီ ဖြန့်ဝေရန်အတွက် ဖြန်ချိရေးဝန်ထမ်းများက ည ၉နာရီခန့်မှ နံနက်၆နာရီအထိ လုပ်ငန်းများ ဆောင်ရွက်နေစဉ် အတွင်း ယင်းကဲ့သို့ ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly