ကလေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို အိန္ဒိယသို့ ပညာသင်စေလွှတ်မည်

ပို့စ်တင်ချိန် - 9/06/2013 09:28:00 AM


စစ်ကိုင်းတိုင်းဒေသကြီး ကလေးတက္ကသိုလ်ရှိ မဟာဝိဇ္ဇာ (အင်္ဂလိပ်စာ)နှင့် မဟာသိပ္ပံ (အထူးပြုဘာသာရပ်အားလုံး) ကျောင်းသား၊ ကျောင်းသူများကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ မဏိပူရ တက္ကသိုလ်သို့ ပညာသင်စေလွှတ်မည် ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးမြင့်ဆွေက The Voice သို့ ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေဘို၊ မုံရွာနှင့် ကလေးတက္ကသိုလ်တို့မှ ကျောင်းသူ၊ ကျောင်းသားများကို ခေါ်ယူခြင်းဖြစ်ပြီး စုစုပေါင်း၁၅ ဦးခန့် ပညာသင်စေလွှတ်ရန် ဖြစ်ကြောင်း ကလေး တက္ကသိုလ်၊ သင်တန်းရေးရာ ဌာနမှူး ဦးအောင်အောင်စိုးက ပြောကြားသည်။

မဏိပူရ တက္ကသိုလ်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အစိုးရ၏ အထောက်အပံ့ဖြင့် ၂နှစ်ကြာ ပညာသင်ကြားရမည် ဖြစ်ပြီး ပညာသင် သွားရောက်နိုင်ရန် အတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

"အခု လျှောက်ထားတဲ့သူ ၁၁ ဦး ရှိပါတယ်။ အဲဒီအထဲက ရေးဖြေ၊ နှုတ်ဖြေ အောင်မြင်တဲ့သူကို တိုင်းဒေသကြီး အစိုးရဆီ တင်ပြရမှာပါ" ဟု ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဦးပွားက ဆိုသည်။

မဟာသိပ္ပံ တက်ရောက်နေသော အင်္ဂလိပ်စာမှ တစ်ဦး၊ ဘူမိဗေဒမှ သုံးဦး၊ သတ္တဗေဒမှ ခုနစ်ဦးတို့ လျှောက်ထားကြပြီး နှစ်နိုင်ငံ ပညာရေးဖလှယ်သော သဘောဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အတိအကျ ကိုမူ မပြောနိုင်ကြောင်း ဌာနမှူး ဦးအောင်အောင်စိုးက ထပ်မံဆိုသည်။

The Voice