မြန်မာ့ပြုပြင်ပြောင်းလဲရေးနှင့်အတူ ရန်ကုန်မှ နွမ်းပါးသူများ အိုးမဲ့အိမ်မဲ့ဖြစ်လာ

ပို့စ်တင်ချိန် - 9/11/2013 12:24:00 PM


အောင်မင်းဘာသာပြန်သည် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၃
ခုနှစ် ၀၉ နာရီ ၃၈ မိနစ်

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် အိမ်ငှားရမ်းခဈေးနှုန်းများ ကြီးမြင့်လာသည့်အတွက် ရာနှင့်ချီသော ဆင်းရဲနွမ်းပါးသည့် မိသားစုများမှာ အိုးမဲ့အိမ်မဲ့ဖြစ်လာခဲ့ပြီး လမ်းပေါ်တွင် နေရသည့်ဘ၀သို့ မရောက်ရှိရန် ပရဟိတလုပ်ငန်းများအပေါ် မှီခိုနေသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြလိုက်သည်။

၂၀၁၁ ခုနှစ်တွင် အရပ်သားတစ်ပိုင်း အစိုးရမှ အာဏာလွှဲပြောင်းရယူပြီးနောက်ပိုင်း နိုင်ငံရေးအရ အသွင် ကူးပြောင်းမှုများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု ဒဏ်မှ လွတ်ကင်းသွားပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမှာလည်း မြင့်တက်လာလျက် ရှိသည်။

သို့သော် အပြောင်းအလဲများကြောင့် စီးပွားရေးမြို့တော် ရန်ကုန်ရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုများကိုလည်း အိုးမဲ့အိမ်မဲ့ဘ၀သို့ ရောက်ရှိသွားခဲ့ရသည်။

“မိသားစုလိုက်ရောက်လာပြီးတော့ သူတို့မှာနေစရာနေရာလည်း မရှိဘူး၊ စားစရာလည်း မရှိဘူး၊ အကူအညီတွေပဲ လိုက်တောင်းနေရတယ်လို့ ပြောလာတာတွေရှိပါတယ်” ဟု ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျာင်းတွင် ယာယီတဲများဖြင့် နေရာထိုင်ခင်းများ ပြုလုပ်ပေးသည့် စင်တာတစ်ခုမှ မန်နေဂျာဖြစ်သူ ခင်ဆန်းဦးက ပြောသည်။

သန်လျင်မြို့နယ်တွင် ဧက ၃၀ ခန့်ကျယ်သည့် သဘာဝခြံဝိုင်းအား ဆရာတော်ဦးဥတ္တမစာရကလွန်ခဲ့သော ၁၆ လတွင် နေရာထိုင်ခင်းများစီစဉ်ပေးခဲ့ပြီး၊ ယခုအခါတွင် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ခရိုင်များမှ ငွေကြေးချို့တဲ့သည့် မိသားစုများဖြင့် လျင်မြန်စွာ ပြည့်နှက်သွားလေသည်။

ရန်ကုန်မြို့လယ်ခေါင်မှ တစ်နာရီခန့် ဘတ်စ်ကားစီး၍ သွားရောက်နိုင်သည့် သန်လျင်မှ ခြံဝိုင်းထဲတွင် တဲငယ်လေးများ ဆောက်လုပ်ကာ နေထိုင်နေသည့် မိသားစုပေါင်း ၂၄၀၀ ကျော်ရှိနေသည်။

တဲဆောက်လုပ်ရန် ကုန်ကျစရိတ် မတတ်နိုင်သေးသည့် ရာနှင့်ချီသော မိသားစုများမှာလည်း လူအများ နေထိုင်ရန် ၀ါးဖြင့်ဆောက်ထားသည့် အဆောက်အအုံအတွင်းတွင် နေထိုင်နေသည်။ ယင်းအဆောက်အအုံမှာ ယခင်က တရားစခန်းအဖြစ် အသုံးပြုခဲ့သည့် နေရာဖြစ်သည်။

စစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံ၏ ကမ္ဘာနှင့် အဆက်ပြတ်နေသည့် အခြေအနေကို ရပ်တန့်ရန် ပြုပြင်ပြောင်းလဲရေးများ လျင်မြန်စွာပြုလုပ်လာသည်နှင့်အမျှ အိမ်ရာမြေလိုအပ်ချက်များလည်း ကြီးမြင့်လာသည်။ ထိုအခြေအနေမှာ ဆင်းရဲမွဲတေသည့် မိသားစုများကို အန္တရာယ်ပြုလျက် ရှိသည်။

မြန်မာနိုင်ငံတွင် လူနေအထူထပ်ဆုံးမြို့ဖြစ်သည့် ရန်ကုန်ရှိ လုပ်ခလစာနည်းပါးသော မိသားစုများအတွက် အိမ်ငှားရမ်းသည့် ဈေးနှုန်းမြင့်မားလွန်းခြင်းကြောင့် ယခုကဲ့သို့ အန္တရာယ်ဖြစ်နေရခြင်းဖြစ်သည်။

အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများမှ စာရင်းဇယားများအရ ရန်ကုန်မြို့ရှိ အသေးစား အဆောက်အအုံများ၏ ဈေးနှုန်းမှာ ယခုနှစ်တွင် ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ ထို့အတူ လွန်ခဲ့သောနှစ်နှစ်အတွင်း ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် အိမ်ခြံမြေဈေးနှုန်းများမှာလည်း နှစ်ဆမှ သုံးဆအထိ မြင့်တက်လာခဲ့သည်။

အိမ်ငှားရမ်းခ ခြောက်လစာအတွက် မြန်မာကျပ်ငွေ သုံးသိန်းဝန်းကျင် ကြိုတင်ပေးဆောင်ရန် တောင်းဆိုခြင်းခံခဲ့ရသည့်အတွက် မိမိအပါအ၀င် မိသားစုဝင်ခြောက်ဦးမှာ သန်လျင်မှ သဘာဝခြံဝိုင်းတွင်းသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု အသက် ၅၇ နှစ်အရွယ် ဒေါ်တင်တင်ဝင်းက အေအက်ဖ်ပီကို ပြောသည်။

“အိမ်ငှားရမ်းခတွေက နှစ်ကြိမ်သုံးကြိမ်လောက် တက်ပြီးပါပြီ။ အိမ်ဆက်ငှားဖို့အတွက် ကျွန်မတို့ မတတ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒီကိုရွှေ့လာတာပါ” ဟု သူမကဆိုသည်။ “ကျွန်မသမီးကလည်း ဒီမှာခဏလောက် ကပ်နေဦးမယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ တခြားနေရာမှာ အိမ်ငှားဖို့မဖြစ်နိုင်လို့ပါ” ဟု ပါးပြင်မှ စီးကျလာသည့် မျက်ရည်များအားသုတ်ရင်း သူမက ဆက်ပြောသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွင် ဒေါက်တိုင်တစ်ခု ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် အဂတိလိုက်စားသော စစ်ဗိုလ်ချုပ်များသည် လူမှုဘ၀ လုံခြုံရေးစနစ်များအား လျစ်လျူရှုခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ နေရာကောင်းတစ်ခုတွင် တစ်ပေပတ်လည်မြေတစ်နေရာအား ၀ယ်ယူရန်အတွက် ခုနှစ်သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့် ဘန်ကောက်မြို့ထက်ပင် နှစ်ဆသုံးဆခန့် ဈေးကြီးလျက် ရှိသည်။

နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော်လည်း ကုန်ကျစရိတ်ကြီးမြင့်ခြင်းက ရင်းနှီးမြှုပ်နှံသူများကို အဟန့်အတားဖြစ်စေကာ ဈေးကွက်မတည်ငြိမ်မှု အန္တရာယ်နှင့်ကြုံတွေ့ရမည်ကို ကြောက်ရွံ့လျက်ရှိသည်။

“ရန်ကုန်မြို့မှာ အိမ်ရာဈေးနှုန်း အရမ်းကြီးမြင့်တယ်ဆိုတာကို တစ်ကမ္ဘာလုံးက သိနေပါပြီ” ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ အသက် ၆၄ နှစ်အရွယ် မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးမှ အေအက်ဖ်ပီသို့ ပြောသည်။

အိမ်ခြံမြေဈေးကွက်အား တည်ငြိမ်စေရန်အတွက် မြေခွန်များ မြှင့်တင်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာများကို အစိုးရက ဆောက်လုပ်လျက်ရှိသည်။ သို့သော် တန်ဖိုးနည်းအိမ်ရာ၏ လက်ရှိဈေးနှုန်းမှာ ကျပ်သိန်း ၂၀၀ ၀န်းကျင် ကျသင့် သည့်အတွက် လူများစုမတတ်နိုင်ဟု ဝေဖန်သုံးသပ်သူများက ပြောကြားလိုက်သည်။
Mizzima - News in Burmese