စီမံကိန်းမှမိုင်းခွဲသည့်ဒဏ်ကြောင့် လယ်တီဆရာတော်ဘုရား သိမ်ပျက်ဆီးမည့် အခြေအနေကြုံတွေ့နေရ

ပို့စ်တင်ချိန် - 10/17/2013 03:46:00 PM



စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှု ပြဿနာ များအား ဖြေရှင်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့အား ဖွဲ့စည်းခဲ့ကာ ဒေသခံပြည်သူများ နစ်နာမှု မရှိစေရေးရန် အစီရင်ခံစာတစ်ရပ်အား ထုတ်ပြန်ခဲ့သော်လည်း ယခုလက်ရှိတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာပါ အချက်အချို့ အား ဖောက်ဖျက်၍ လက်ပံ့တောင်းတောင် ကြေးနီစီမံကိန်းအား လုပ်ဆောင်နေသည့် အပြင် စီမံကိန်း မှ မိုင်းခွဲသည့်ဒဏ်ကြောင့် လယ်တီဆရာတော်ဘုရားကြီး သိမ်ပျက်ဆီးမည့် အခြေအနေနှင့် ကြုံတွေနေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် သိမ်နှင့် သာသနိက အဆောက်အုံများကို မူလအတိုင်း မပျက်ဆီးစေဘဲ ရွှေပြောင်းပြီးမှသာ စီမံကိန်းအား ဆက်လုပ်ရမည်ဟု ပါရှိသော်လည်း ယင်းအစီရင်ခံစာပါ အချက်အလက်အတိုင်း လိုက်နာမှုမရှိသည့်အတွက် ဒေသခံများက တောင်းဆိုမှုများဖြစ်ပေါ်လျက်ရှိပြီး လက်ပံ့တောင်းတောင် စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် ဒေသပြည်သူတို့ ၏အသံများအား နားထောင်သင့်ကြောင်း လက်ပံ့တောင်းတောင် လယ်တီသိမ် မဖျက်သိမ်းရေးအတွက် လမ်းလျောက်ဆန္ဒပြသူ ကိုစည်သူက ပြောသည်။

“ကျွန်တော်တို့ နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်စွမ်းအင်ဝန်ကြီး သာသနာရေးဝန်ကြီးနဲ့ က လယ်တီဆရာတော်ကြီးရဲ့ သိမ်နဲ့ သာသနိက အဆောက်အုံကို မူလအတိုင်း ထားပေးဖို့ လွှတ်တော်ကို တင်မယ့်အချိန်မှာ လက်ပံ့တောင်းတောင် ကြေးနီစီမံကိန်းတွေကို စနေတယ်။ လုပ်ငန်းသုံး မိုင်းတွေကို ခွဲနေတယ်။ နဂိုထဲက ဆရာတော်ဘုရားကြီး သိမ်ရှိတဲ့မြေနေရာဟာ မြေသားမရှိဘဲနဲ့ အဲ့ဒီလိုခွဲတဲ့ အတွက်ကြောင့် လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်ဟာ ဒီမိုင်းဒဏ်တွေကြောင့် ပြိုသွားနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်”ဟု ကိုစည်သူအောင်က ဆိုသည်။

စီမံကိန်းအား လုပ်ပိုင်ခွင့် ရရှိထားသော မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ၏ အချက်ပါ စည်းကမ်းချက်များအား လိုက်နာသင့်ပြီး စည်းကမ်းချက်အတိုင်း လိုက်နာမှု မရှိခဲ့ပါက ဒေသခံပြည်သူ သံဃာတော်များနှင့် လယ်တီသိမ်အရေး လုပ်ရှားသူတွေများ လက်ပံ့ တောင်းတောင်အရေး လုပ်ရှားသူများ အားလုံး ပူးပေါင်းတောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာတစ်စောင်ကို ထုတ်လိုက်ပြီဆိုရင် ထုတ်လိုက်ရုံနဲ့ ဒါကပြီးမသွားဘူး စုံစမ်း စစ်ဆေးရေးက ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆိုရင်လည်း လူထုနဲ့ တွေဆုံပြီးတော့ လာပြီးပြောသွားတာ ရှိတယ်။ “လယ်တီသိမ်နဲ့ သာသနိက အဆောက်အုံတွေကို မပျက်ဆီးအောင် ရွှေ့ပြောင်းပေးဖို့ သူအာမခံတယ်”လို့ ပြောထားတယ်။ အဲလိုပြောထားတဲ့ အခါမှာ တစ်ဖက်မှာကျတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာပါအတိုင်း မလုပ်ဘဲနဲ့  စည်းကမ်းချက်တွေကို ချိုးဖေါက်ပြီး လုပ်နေတာကို စုံစမ်းစစ်ဆေးရေး ကော်မရှင်လူတွေက မသိတာလား မသိချင်ယောင် ဆောင်နေတာလား တကယ်လို့ မသိဘူးဆိုရင်လည်း အစီရင်ခံစာပါ အချက်တွေကို ဖောက်နေတယ်ဆိုတာ အဲ့ဒီကိုသွားရောက် စစ်ဆေးစေချင်တယ်’’ဟု ကိုစည်သူအောင်က ဆိုသည်။

လက်ပံ့တောင်းတောင် ကြေးနီစီမံကိန်း ပြဿနာသည် ၂၀၁၂ ခုနှစ်အောက်တိုဘာလမှ စတင်ကာ ယခု၂၀၁၃ ခုနှစ် အောက်တိုဘာလ အထိ ပြီးဆုံးခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုဖြစ်ပေါ်နေသော ပြဿနာများနှင့် စီမံကိန်းပါ အချက်အချက်လက်များအား ဖောက်ဖျက်နေသည်ကို လာရောက်ကြည့်ရှုခြင်း မရှိပါက ယင်းအား မိမိတို့ အနေဖြင့် သွားရောက်တွေဆုံရမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောစကားအရ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ တွေ့စဉ်က လက်ပံတောင်းတောင် အစီရင်စာ အချက်အလက်များအပေါ် မိမိလုံးဝ တာဝန်ယူကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အချက်အလက်များ အကောင်ထည်ဖော် တာဝန်ယူရမည်မှာ အစိုးရ၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

နှင်းနွယ်

ဓာတ်ပုံ – ထက်နောင်နောင်
themyanmaage