တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သံချပ်ကာ အင်ဂျင်နီယာ တက္ကသိုလ်၊ တရုတ်နိုင်ငံ လေယာဉ် တည်ဆောက်မှု နည်းပညာနှင့် စက်မှု ကော်ပိုရေးရှင်းနှင့် NORINCO ကုမ္ပဏီတို့သို့ သွားရောက် လေ့လာ

ပို့စ်တင်ချိန် - 10/17/2013 12:59:00 PM






တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးနှင့် စစ်သံမှူး ဗိုလ်မှူးကြီး အောင်ချိန်တို့ လိုက်ပါလျက် အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းက ပေကျင်းမြို့ရှိ သံချပ်ကာ အင်ဂျင်နီယာ တက္ကသိုလ်သို့ သွားရောက် လေ့လာကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား သံချပ်ကာ အင်ဂျင်နီယာ တက္ကသိုလ်မှ Political Commissar Major General Xia Xiaopeng နှင့် တာဝန်ရှိသူ များမှ ကြိုဆိုကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဧည့်ခန်းမ၌ Major General Xia Xiaopeng မှ သံချပ်ကာ အင်ဂျင်နီယာ တက္ကသိုလ် ဖွင့်လှစ် သင်ကြား လေ့ကျင့်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ကျောင်း အဆောက်အအုံ ရှေ့တွင် စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် သံချပ်ကာ တိုက်ယာဉ်များနှင့် လေ့ကျင့်မောင်းနှင်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့သည်။

ယင်းမှ ဆက်လက် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ပေကျင်းမြို့ တရုတ်နိုင်ငံ လေယာဉ် တည်ဆောက်မှု နည်းပညာနှင့် စက်မှုကော်ပိုရေးရှင်း (CASIC) အမှတ် (၃) ဌာနခွဲသို့ ရောက်ရှိပြီး တာဝန်ခံ Mr. Gao Fulai နှင့် အဖွဲ့မှ ကြိုဆိုကြသည်။ ယင်းနောက် ရှင်းလင်းဆောင် အတွင်း တာဝန်ရှိသူများမှ စက်ပစ္စည်း ထုတ်လုပ်မှု အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြ၍ ပြခန်းအတွင်း ခင်းကျင်းပြသမှုများကို လိုက်လံ ကြည့်ရှု ကြသည်။ ထို့နောက် ရုံးအဆောက်အအုံ ရှေ့တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ယင်းမှ ဆက်လက် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ၁၂ နာရီတွင် ပေ ကျင်းမြို့ရှိ NORINCO ကုမ္ပဏီသို့ ရောက်ရှိပြီး ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Zhao Gang နှင့် အဖွဲ့မှ ကြိုဆို ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား ကုမ္ပဏီ ဧည့်ခန်းမတွင် Mr.Zhao Gang မှ ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ NORINCO ကုမ္ပဏီမှ ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး နေ့လယ်စာ သုံးဆောင်ပြီးချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NORINCO ကုမ္ပဏီ ဥက္ကဋ္ဌ Mr.Zhao Gang တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
Ministry of Defence