နောက်ထပ်ဝမ်းနည်းစရာအဖြစ်မျိုး မဖြစ်ရအောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားပါမယ် - ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 10/24/2013 08:40:00 AM


ရေးသားသူ- အောင်သူရ

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံအနှံ့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ ယင်းဖောက်ခွဲမှုတွင် အဓိကတာဝန်ရှိသူ နေတိုး(ခ) စောရွှေတိုးမှာ KNU တပ်မဟာ(၅) နယ်မြေရှိ မြို့နယ်အဆင့် စီးပွားရေးတာဝန်ခံဖြစ်ကြောင်း KNU က အတည်ပြုလိုက်သည်။

ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့် ကာကွယ်ရေးဝန်ကြီးအပါအ၀င် ဗဟိုအလုပ်အမှုဆောင်များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဗိုလ်ချုပ်ကျော်ဆွေတို့နှင့် လာရောက်တွေ့ဆုံခဲ့သည်။ ထို့အပြင် ဖမ်းဆီးခံရသူများနှင့် လေးနာရီနီးပါးကြာ တွေ့ခွင့်ရပြီးနောက် အောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဖမ်းဆီးရမိသူများနှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်အား ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး- ကရင်အမျိုးသားအစည်းအရုံး(KNU)က တာဝန်ရှိတဲ့လူတွေအနေနဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတယ်ဆိုတော့ သူတို့က ဘာများပြောကြားခဲ့ပါလဲ။

ဖြေ- သူလုပ်ခဲ့တဲ့အတိုင်း ရိုးရိုးသားသားဝန်ခံတယ်။ သူ့အလုပ်ရှင်ရဲ့သြဇာကို မလွန်ဆန်နိုင်လို့ လုပ်တဲ့သဘောရှိတယ်လေ။ မြဖူးကုမ္ပဏီက အလုပ်သမားလေ။ မြဖူးကုမ္ပဏီက အလုပ်သမားဆိုတော့ အဲဒီအိမ်မှာလည်းနေတယ်။ ကိုယ့်အိမ်ကအလုပ်သမားကို ကိုယ်ခိုင်းတဲ့သဘောပါ။ အိမ်ကအလုပ်သမားကို ခိုင်းသလိုခိုင်းတာပါ။ လမ်းစရိတ်ပဲ ငွေငါးသိန်း(ကျပ်) ပေးတယ်လေ။ သူတို့ပြောတာတော့ စီးပွားရေးကိစ္စကို အကြောင်းပြတာပေါ့။ သူ့ကို ဒီလိုသင်ပေးလိုက်တာပေါ့။ ဒီလိုဗုံးခွဲမှ တရုတ်တွေ ဘာတွေ ရင်းနှီးမြှုပ်နှံမှုမ၀င်ရဲမှာ။ ဒါကို ကျွန်တော်သုံးသပ်လိုက်တော့ ဒါကအပေါ်ယံကိစ္စပဲ။ ရည်ရွယ်ချက်ကိုတော့ ဒီကလေး နားလည်နိုင်တဲ့အဆင့်မရှိဘူး။ နိုင်ငံရေးစကားတောင် မပြောတတ်ဘူး။

မေး- ဒါဆိုရင် ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ ဖထီးတို့ သုံးသပ်ပါသလဲ။

ဖြေ- ကျွန်တော်တို့သုံးသပ်မှုက နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိတယ်။ သူကတော့ သူလုပ်တဲ့ဖြစ်စဉ်ပဲ ပြောပြတယ်။ အာနန္ဒာဘုရားတို့၊ ကောင်းမှုတော်ဘုရားတို့ သွားလေ့လာတာကို ပေါ်အောင်မေးကြည့်တော့ သူ့မှာအိတ်တစ်လုံးပါတယ်။ ဘယ်တော့မှမချဘူး။ ကားရပ်ရင်လည်း မဆင်းဘူး။ တော်တော်လေးကြာမှ သူကဆင်းတယ်။ သူအရေးကြီးတဲ့ ပြုမူလှုပ်ရှားမှုဆိုရင် သူ့ကို ကားမောင်းပို့တဲ့လူကို တစ်နေရာသွားခိုင်းတယ်။ စစ်ကိုင်းတောင်ရိုးသွားတယ်။ ကောင်းမှုတော်တို့၊ ဆွမ်းဦးပုညရှင်တို့ သွားတဲ့အချိန်လဲ ဒီအတိုင်းပဲ။ သူ့အမူအရာက ပေါ်သွားပြီလေ။ ဒေသန္တရဗဟုသုတအတွက် သွားတာမဟုတ်ဘူး။ အခု သူသုံးမယ့်ဗုံးတွေက လေးနာရီခံတာရှိတယ်။ ခြောက်နာရီခံတာရှိတယ်။ ရှစ်နာရီ၊ ၂၄ နာရီ၊ ၄၈ နာရီ။ သူ့ပလတ်ထဲထိုးထည့်ရုံပဲ။ အရင်တုန်းကလိုမခက်ဘူး။ နည်းပညာကမြင့်တယ်လေ။ အခြေအနေပေးရင် ချိတ်ထားရုံပဲလေ။ ကျွန်တော်တို့ အဲဒီအစရကတည်းက ပေါ်အောင်မေးတယ်လေ။ သွားတဲ့လူက ဗုဒ္ဓဘာသာတစ်ယောက်မဟုတ်ဘူး။ တကယ် ကမ္ဘာလှည့်ခရီးသွားတွေများတဲ့ ပုဂံလိုနေရာမျိုးမှာ ခရီးသွားတွေ လန့်သွားအောင်လုပ်မယ်၊ တိုင်းပြည်လန့်သွားအောင် လုပ်မယ်၊ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်မယ်ဆိုတော့ နိုင်ငံရေးရည်ရွယ်ချက်က တော်တော်ကြီးကြီးမားမား ရှိသွားပြီ။ ရည်ရွယ်ချက်နဲ့ ပြုမူလှုပ်ရှားတယ်ဆိုတာပေါ်တယ်။ အဲဒါကြောင့် ဒါကိုပြောရဲတာလေ။ အာနန္ဒာကျတော့လိုဏ်ဘုရား။ အများကြီးလုပ်လို့ ကောင်းတယ်။ တကယ်လို့သာ ကြီးမားတဲ့ပေါက်ကွဲမှုဆိုရင် ဘုရားကြီးပြိုကျသွားမှာ။ ဘုရားပြိုကျသွားရင် ဗုဒ္ဓဘာသာတစ်ရပ်လုံး ရင်ထုမနာဖြစ်ပြီလေ။ ဘာပဲဖြစ်ဖြစ် ဒေါသထွက်ပြီးတော့ မွတ်ဆလင်ဘာသာဝင်တွေပဲ တန်းမြင်မှာပဲ။ ကောင်လေးကို ရွှေတိဂုံဘုရားကို ခွဲခိုင်းတယ်လေ။ လုပ်တဲ့သူက သူကိုယ်တိုင်လုပ်ရင် ခွဲဖြစ်မှာပေါ့။ ကောင်လေးက မလုပ်ရဲလို့။ အီဒ်နေ့ကို ပစ်မှတ်ထားတယ်လေ။ အရပ်သားစကားနဲ့ပြောရင်တော့ ခဲတစ်လုံးထဲနဲ့ငှက်နှစ်ကောင်ကို ပစ်တာလေ။ မွတ်ဆလင်ဘာသာဝင်တွေကို ဗုဒ္ခဘာသာဝင်တွေက မုန်းတီးပြီးသားဖြစ်သွားပြီလေ။ ဆီးဂိမ်းကလည်း မကြာခင်လာတော့မယ်လေ။ အာဆီယံဥက္ကဋ္ဌလည်းဖြစ်မယ်။ ဒီတိုင်းပြည်က တည်ငြိမ်မှုမရှိဘူး၊ လုံခြုံမှုမရှိဘူးကိုပြချင်တာ။ နိုင်ငံရေးရည်ရွယ်ချက်ဆိုတာ ဒါကိုဆိုလိုတာလေ။ နောက်တစ်ခုက ငြိမ်းချမ်းရေးပျက်စီးအောင်၊ တိုင်းရင်းသားတွေနဲ့ သံသယပိုကြီးထွားအောင်၊ ယုံကြည်မှုပျက်ပြားအောင်လုပ်တာ။

နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်အောင်လုပ်တာပဲ။ မနေ့က ကျွန်တော် သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြီ။ KNU ပေါ်လစီမှာကိုက ကွန်ဂရက်မှာကိုက ငြိမ်းချမ်းရေးတည်ဆောက်မယ်၊ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဖြေရှင်းမှု။ ဒါက ကျွန်တော်တို့ကွန်ဂရက်ကချထားတဲ့ နိုင်ငံရေးသဘောထား။ ဒါကြောင့် ကျွန်တော် ရဲရဲကြီးပြောရဲတယ်။ KNU က ဒါမျိုးလုပ်ဖို့ လုံးဝသဘောထားမရှိဘူး။ ဒါမျိုးဖြစ်မှာတောင် ကျွန်တော်တို့စိုးရိမ်တယ်။ ကျွန်တော်တို့ပဲ အထင်ခံရမယ်လေ။ သမိုင်းအစဉ်အဆက် ထစ်ခနဲဆို ကျွန်တော်တို့ကို တံဆိပ်ကပ်ခဲ့တဲ့ အစဉ်အလာရှိတယ်လေ။ အစဉ်အလာရှိတော့ ဒီအချိန်မှာ ဒါမျိုးဖြစ်မှာ စိုးရိမ်နေတယ်။ လုပ်ဖို့သဘောထားကို မပြောနဲ့၊ ပေါ်လစီကိုက စားပွဲပေါ်မှာဖြေရှင်းမယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်၊ တွေ့ဆုံဆွေးနွေးရေးလုပ်ရမယ်၊ ငြိမ်းချမ်းရေးတည်ဆောက်မယ်။

မေး- ဖမ်းဆီးရမိသူတွေနဲ့ လွတ်မြောက်နေတဲ့ နေတိုးတို့က KNU နဲ့ ဘယ်လိုပတ်သက်မှုရှိလဲ။

ဖြေ- ကျွန်တော်တို့နယ်ထဲမှာ စီးပွားရေးသွားလုပ်နေတဲ့သူတွေပေါ့။ ဥပမာ မြဖူးကုမ္ပဏီက မြဖူးနဲ့တွေ့ခဲ့တယ်။ သူကတော့ စီးပွားရေးသမားပဲ။ လူရည်လည်တယ်။ နောက်ပြီးတော့ ကားမောင်းပို့တဲ့လူကတော့ သူဋ္ဌေးကခိုင်းတော့ ကားမောင်းပို့ရတာပေါ့။ ကားမောင်းပို့တဲ့လူက ခေတ်ပညာတတ်။ သူကတော့ အရိုးခံပါ။ သူဘာမှမသိဘူး။ ပူးပေါင်းကြံစည်တဲ့အထဲမှာ သူမပါဘူး။ ရွှေဖူးကုမ္ပဏီက ရွှေလုပ်တာအမြတ်မရှိဘူး။ ရှုံးနေတယ်။ သူလည်း စိတ်မ၀င်စားဘူးလို့ ပြောတယ်။ သူလုပ်တာ သုံးနှစ်လောက်ရှိပြီ။ တပ်မဟာ ၅ နယ်မြေမှာ သူ ရွှေတူးတယ်။ စောနေတိုးက ကျွန်တော်တို့ရဲ့ စီးပွားရေးတာဝန်ခံမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ စီးပွားရေးတာဝန်ခံက ဗဟိုမှာဆိုရင် စောတာတိုမှူးလို့ခေါ်တယ်။ စီးပွားရေးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်။ နေတိုးက အာဏာပိုင်တွေပြောမှသိတာ။ ကျွန်တော်တို့လည်း အရင်တုန်းကမသိဘူး။ ခရိုင်အဆင့်တောင် မဟုတ်ပါဘူး။ မြို့နယ်အဆင့်တောင် ပီပီပြင်ပြင်မရှိပါဘူး။ အောက်ခြေပေါ့ဗျာ။ အောက်ခြေအဆင့် အစိတ်အပိုင်းတစ်ခုပါပဲ။ တကယ်လုပ်တဲ့ကလေးက ကုန်သည်ကြီးများဟိုတယ်မှာ လုပ်တုန်းက ခိုင်းတဲ့လူက ခုတင်အောက်မှာ ကပ်ခိုင်းတာ။ ခုတင်အောက်ကို ကပ်ခိုင်းတဲ့အခါကျတော့ သူကစဉ်းစားတယ်။ ခုတင်အောက်ကိုကပ်ရင် လူသေတော့မှာပဲဆိုပြီး ရေချိုးခန်းထဲက မျက်နှာသစ်တဲ့ခွက်အောက်မှာ သွားချိတ်ထားတာ။ ခုတင်အောက်ဆို ကျိန်းသေပေါက်လူသေတယ်။ ကောင်လေးက အသိတရားတော့ရှိတယ်။

မေး- အစိုးရနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခါ လက်ရှိ ဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့ တပ်မဟာ ၅ ရဲ့ အကြီးအကဲက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဗဟိုနဲ့သဘောထားကွဲလဲမှုရှိတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေက သုံးသပ်ကြတာရှိတယ်။ နောက် ဒီဖြစ်စဉ်ကလည်း တပ်မဟာ(၅)နယ်မြေထဲက လူတွေဖြစ်နေတော့ ဒါနဲ့ပတ်သက်ပြီး ဖထီးတို့ ဘာများပြောချင်ပါသလဲ။

ဖြေ- တစ်စိတ်တစ်ပိုင်း ဟုတ်ပါတယ်။ ကျွန်တော်တို့ ၂၀၁၂ ခုနှစ် လက်မှတ်ထိုးတုန်းက တပ်မဟာ(၅)က မထိုးဘူးလေ။ မထိုးဘူးဆိုတော့ မယုံကြည်တဲ့အထဲမှာ ပါတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ပြောတာက အပြုသဘောနဲ့ပြောတာပါ။ အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လေ။ သူတို့ကို သဘောပေါက်အောင်၊ နားလည်အောင် စည်းရုံးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လေ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေပဲ။ ရန်သူမှမဟုတ်တာ။

မေး- အရင်တုန်းကတော့ အခုလိုပေါက်ကွဲမှုတွေဖြစ်ရင် အစိုးရက KNU ကို လွှဲချတာများတယ်။ အခုကျတော့ အဲဒီလိုမဟုတ်ဘဲ KNU က ဖမ်းဆီးခံထားရတဲ့လူတွေနဲ့ လာတွေ့တယ်၊ နောက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တယ်ဆိုတော့ ဒီပြောင်းလဲမှုအပေါ်ကိုလည်း ဖထီး သုံးသပ်ပေးပါဦး။

ဖြေ- ကျွန်တော်တို့က အရင်တုန်းက စစ်မြေပြင်မှာ စာရင်းရှင်းတာလေ။ စစ်မြေပြင်မှာ စာရင်းရှင်းတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ဦးတဲ့လူကပစ်ရတဲ့အခြေအနေလေ။ အခုက စားပွဲဝိုင်းမှာရှင်းနေပြီ။ စားပွဲဝိုင်းမှာရှင်းနေပြီဆိုတော့ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်နေတဲ့ နိုင်ငံရေး။ အခုလိုဖြစ်ရင် ကျွန်တော်တို့က ချက်ချင်းတွေ့ရမယ်။ ချက်ချင်းဖြေရှင်းရမယ်။ တစ်ဦးနဲ့တစ်ဦး သံသယရှင်းအောင် လုပ်ရမယ်။ ယုံကြည်မှုတည်ဆောက်တဲ့ဖြစ်စဉ်ကို ဖြတ်နေတဲ့အချိန် ငြိမ်းချမ်းရေးတည်ဆောက်မှုကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနေတဲ့အချိန်မှာ ဒါမျိုးအထိအခိုက်မခံဘူး။ ဒါကြောင့် အခုလိုမျိုး ချက်ချင်းရှင်းတာပေါ့။

မေး- ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရနဲ့ လက်ရှိဆောင်ရွက်ထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်မှုတွေရှိကြပါတယ်။ ဒီလိုစိုးရိမ်တဲ့လူတွေကို ဘာများပြောချင်ပါလဲ။

ဖြေ- ကျွန်တော်တို့လည်း စိုးရိမ်တယ်။ ကျွန်တော်တို့ ဒီဖြစ်စဉ်ကို လေ့လာပြီးတော့ ဗဟိုပိုင်းမှာရှိတဲ့ CEC တွေနဲ့ ခရီးလွန်နေတဲ့ CEC ကလွဲလို့ ကျွန်တော်တို့ ဥက္ကဋ္ဌရယ်၊ စစ်ဦးစီးချုပ်ရယ်၊ ငါးယောက်အရေးပေါ်အစည်းအဝေးလုပ်ပြီးတော့ ကျွန်တော် အကြံပြုတယ်။ ဒီအချိန်မှာ ဥက္ကဋ္ဌကြီးအနေနဲ့ အစိုးရနဲ့တွေ့သင့်တယ်။ KNU ရဲ့သဘောထားကို သွားရှင်းပြသင့်တယ်။ ဒါကို ဥက္ကဋ္ဌကြီးက လက်ခံတဲ့အတွက် နေပြည်တော်ကို ချက်ချင်းသွားပြီး အောက်တိုဘာ ၁၉ ရက် လပြည့်နေ့ကပေါ့။ လပြည့်နေ့ဆိုတော့ သမ္မတကြီးက ဥပုသ်စောင့်တယ်။ ကန်တော့ခံဖို့ရှိတာကြောင့် မလာအားဘူး။ သူက သတင်းစကားပါးလိုက်တယ်။ ငြိမ်းချမ်းရေးကို ထိခိုက်မခံဘူး။ ငြိမ်းချမ်းရေးကို မရရအောင်တည်ဆောက်မယ်လို့ သမ္မတကြီးက ပြောလိုက်တယ်။ တပ်မတော်ကလည်း ဒီဖြစ်စဉ်မှာ KNU ကို အမြင်ရှင်းတယ်။ KNU မလုပ်ဖူးဆိုတာကို ကျွန်တော်တို့ ယုံကြည်တယ်လို့ သတင်းစကားပါးတယ်။ နှစ်ဦးနှစ်ဖက် ယုံကြည်မှုက ပိုပြီးရှင်းသွားတယ်လေ။ ကျွန်တော်တို့ရဲ့သဘောထားကလည်း ငြိမ်းချမ်းရေးကို ဆက်ပြီးလုပ်ကြမယ်ဆိုတော့ အမြင်တူကြတယ်လေ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်းပြည်ကို ပြောချင်တာက စိုးရိမ်ကြောင့်ကြမှုမရှိဖို့ပါ။ အစိုးရဘက်ကရော ကျွန်တော်တို့ဘက်ကပါ အမြင်ရှင်းတယ်လေ။

မေး- ကျန်ရှိနေသေးတဲ့ တရားခံတွေ ဖမ်းဆီးရမိဖို့ နောက်နောင်ဒါမျိုးမဖြစ်အောင် ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ- ကျွန်တော်တို့အပိုင်းကကျတော့ ပြန်ပြီးစိစစ်ရမယ်။ အစိုးရထုတ်ပြောတဲ့ နာမည်တွေနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌကြီးပြန်သွားပြီလေ။ သူတို့ လိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်လိမ့်မယ်။ မကြာခင်ကာလမှာ အရေးပေါ် CEC (ဗဟိုအလုပ်အမှုဆောင်) အစည်းအဝေးထိုင်မယ်။ သုံးသပ်မယ်။ လက်တွေ့အရေးယူဆောင်ရွက်မှုတွေလုပ်မယ်။ နောက်မဖြစ်အောင် တင်းတင်းကျပ်ကျပ် ညွှန်ကြားမယ်လေ။ မနာခံရင် တင်းတင်းကျပ်ကျပ်အရေးယူမယ်။

မေး- ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူလူထုကို ဘာများပြောချင်ပါသလဲ။

ဖြေ- ကျွန်တော်တို့ နောက်ထပ် ၀မ်းနည်းစရာအဖြစ်မျိုးမဖြစ်အောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမယ်။ အဓိကပြောချင်တာက ဒီနေ့ကာလမှာ အစွန်းရောက်တဲ့ နိုင်ငံရေးသဘောထားတွေ၊ အစွန်းရောက်တဲ့ ဘာသာရေးသဘောထားတွေ၊ အစွန်းရောက်တဲ့ လူမျိုးရေးသဘောထားတွေနဲ့ တိုင်းပြည်ကို ဘာမှလုပ်လို့မရဘူး။ ဆွေးနွေးလို့မရဘူး။ ဒါသိပ်အရေးကြီးတယ်။ အပြုသဘောဆောင်တဲ့ သဘောထားနဲ့ သွားမှသွားလို့ရမယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
7Day News Journal