စိတ်ချစွာစားသုံးလိုပါသည်

ပို့စ်တင်ချိန် - 10/24/2013 08:46:00 AM


ရေးသားသူ- ၀တ်ရည်အောင်၊ ခိုင်ခိုင်စိုး၊ အိမွန်ကျော်

ရန်ကုန်မြို့အချက်အချာကျသည့် နေရာတွင်ရှိပြီး သန့်ရှင်းသပ်ရပ်သော ဂျပန်စတိုင်စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် အဖြူရောင်စာရွက်ဖြင့် “ဤဆိုင်တွင် အထူးသီးသန့်စာချုပ်ချုပ်ထားသည့် ကြက်ခြံများမှ ကြက်များ၊ သဘာဝမြေသြဇာဖြင့်စိုက်ထားသည့် အသီးအရွက်များဖြင့် စီမံချက်ပြုတ်ထားသည်”ဆိုသည့်စာတန်းကို ချိတ်ဆွဲထားသည်။

အစားအသောက်လုံခြုံစိတ်ချရမှုမရှိသည့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်မြို့တွင် အဆင့်မြင့်စားသောက်ဆိုင်များ၌ အော်ဂဲနစ်အသီးအရွက်များကိုသာ အသုံးပြုသည်ဆိုသည့် စာတန်းများက စားသုံးသူကိုဆွဲဆောင်သည့် ၀န်ဆောင်မှုပုံစံတစ်မျိုး ဖြစ်လာသည်။ နိုင်ငံခြားသားဧည့်သည်များနှင့် ပိုးသတ်ဆေးအန္တရာယ်ကို ကြောက်ရွံ့သည့် ပြည်တွင်းမှသူများ နိုင်ငံအတွင်း ရက်ရှည်နေထိုင်သည့် နိုင်ငံခြားသားဦးရေ တိုးပွားလာခြင်းကလည်း လုံခြုံစိတ်ချရသည့် အသီးအရွက်များ စားသုံးနိုင်ရန် အာမခံပေးမည့် စိုက်ပျိုးရေးခြံနှင့် လုပ်ငန်းများ ကျယ်ပြန့်လာခြင်းဖြစ်သည်။

ယခင်က နိုင်ငံခြားသားများနှင့် ငွေကြေးတတ်နိုင်သူများကိုသာ အဓိကဦးတည်သည့် ဟိုတယ်ကြီးများတွင်သာ အော်ဂဲနစ်ခြံများနှင့် သီးသန့်မွေးမြူရေးခြံများ၊ စိုက်ပျိုးရေးခြံများနှင့် ချိတ်ဆက်ဝယ်ယူသည့် အသီးအရွက်များကိုသာ ရောင်းချကြရာမှ ယခုနောက်ပိုင်းတွင် စားသောက်ဆိုင်များ၊ အချို့သော အဆင့်မြင့်ထမင်းဆိုင်များတွင်ပါ နိုင်ငံခြားသားများအား ဦးတည်လာသည့် အစားအသောက်စီမံမှုပုံစံများ ပြောင်းလဲလာသည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ပေါင်း ၂၀၀၀ ကျော်ထဲမှ ဆိုင်အချို့၏ ပြောင်းလဲမှုပုံစံဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ဧည့်သည်များအတွက် သန့်ရှင်းမှုများအပြင် ပိုးသတ်ဆေးများ အသုံးပြုမှုနည်းသည့် အစားအသောက်များကို အားပြုလာခြင်းကြောင့် နိုင်ငံတွင်းမှစီးပွားရေးသမားများ မျက်စိကျလာခြင်းဖြစ်သည်။

နိုင်ငံခြားသားဝင်ရောက်မှု များပြားလာသည့်အချိန်နှင့် ပိုးသတ်ဆေးအန္တရာယ် ထိတ်လန့်နေသည့် ပြည့်တွင်းစားသုံးသူများအတွက် ထိုကဲ့သို့သော စားသောက်ဆိုင်များ၏ ဈေးကွက်က ပိုမိုနေရာယူလာသည်။

အသီးအနှံများ၊ အသားငါးများ ဈေးများမှဝယ်ယူသည့်အခါ အများဆုံးပါလာသည့် ဓာတုပစ္စည်းများ ပိုးသတ်ဆေးအန္တရာယ်များကြောင့် နိုင်ငံတကာဧည့်သည်များအား ရည်ရွယ်သည့်ဆိုင်များသည် အော်ဂဲနစ်အသီးအနှံများ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

“အော်ဂဲနစ်နဲ့ဆိုရင် လူတွေက ပိုသဘောကျကြတယ်။ ကုန်ကျစရိတ်များပေမယ့် နိုင်ငံခြားသားတွေအပြင် ပြည်တွင်းကလူတွေလည်း သဘောကျကြတယ်”ဟု iZUMI ဂျပန်စားသောက်ဆိုင် မန်နေဂျာဦးမြင့်စိုးကပြောသည်။

မြန်မာနိုင်ငံလာရောက်မည့် နိုင်ငံခြားသားများက သက်ဆိုင်ရာနိုင်ငံများသံရုံးက ထုတ်ပြန်သည့် လမ်းညွှန်မှုများတွင် မြန်မာနိုင်ငံ၌သတိပြုရမည့် အစားအသောက်များကို သတိပေးမှုများလည်း ပါဝင်သည်။

နိုင်ငံခြားသားများ၏ စားသောက်မှုပုံစံ အကြိုက်နှင့်နီးစပ်သည့် စားသောက်ဆိုင်များမှ သန့်ရှင်းမှုရှိသည့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များကို ရွေးချယ်နေခြင်းမှ ယခုထိုကဲ့သို့ ဓာတုဗေဒနည်းပါးသည့် အသီးအနှံများဖြင့် စွဲဆောင်သည့်စားသောက်ဆိုင်များက နိုင်ငံတွင်း ကာလရှည်ကြာနေထိုင်သူ နိုင်ငံခြားသားများအတွက် ပိုမိုအဆင်ပြေလာကြောင်း သိရသည်။

“ဆိုင်သိပ်တော့မရွေးဘူး။ အဆင်ပြေမယ့်ဆိုင်မှာ စားတာများတယ်။ ဒါပေမဲ့ အဲလိုစိတ်ချရတဲ့ဆိုင်တွေ အနီးအနားမှာရှိရင် ပိုအဆင်ပြေတယ်”ဟု အမေရိကန်စင်တာမှ အမေရိကန်နိုင်ငံသူတစ်ဦးကပြောသည်။

တကယ်တမ်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက် အော်ဂဲနစ်လုံးဝပြည့်မီသည့် အသီးအရွယ်များရရှိရန် ခက်ခဲနေခြင်းကြောင့် အစားအသောက်အမှားအယွင်း ဖြစ်မည်စိုး၍ နိုင်ငံခြားသားဧည့်သည်များအား ရောက်နေကျဆိုင်များတွင်သာ လမ်းညွှန်ရဲကြောင်း ဧည့်လမ်းညွှန်များကပြောသည်။

“အချို့ဆိုင်တွေဆို သန့်ရှင်းမှုဘယ်လောက်လုပ်ထားတယ်။ ဘာတွေသုံးထားတယ်ဆိုပေမယ့် အခန့်မသင့်ရင် ၀မ်းလျှောတာမျိုးတွေ ကြုံလေ့ရှိတယ်။ အဲဒါကြောင့် စားနေကျပဲ လွှတ်ရဲတယ်”ဟု ဧည့်လမ်းညွှန် ကိုဟန်ထက်အောင်ကပြောသည်။

အော်ဂဲနစ်သီးနှံများ၊ ဓာတုဆေးသုံးစွဲခြင်းမရှိသည့် သီးနှံများသည် ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် ပြည်တွင်းစားသုံးမှုပါ မြင့်လာသော်လည်း စိုက်ပျိုးသူများဘက်က လုံလောက်အောင် ထုတ်မပေးနိုင်သည့် ပြဿနာလည်းရှိနေသည်။

“ဟိုတယ်တွေက ခြံတွေနဲ့ တိုက်ရိုက်ချိတ်ထားတာတွေရှိပေမယ့် လုံလုံလောက်လောက်မရတဲ့အခါ စင်တာတွေကနေလည်း ၀ယ်ကြရတယ်။ အဲဒီမှာလည်း အော်ဂဲနစ်လို့ပြောပေမယ့် အစစ်မဟုတ်တဲ့ဟာတွေဆို သိသာတယ်”ဟု လက်ရှိတော်ဝင်စင်တာတွင်ရှိသော စားသောက်ဆိုင်တစ်ခု၌ လုပ်ကိုင်နေသည့် စားဖိုမှူးတစ်ဦးကပြောသည်။

အချို့သောဟိုတယ်များ အဆင့်မြင့်စားအသောက်များတွင် အသီးအနှံအဆင့်တွင်ပင် ရေစင်အောင်ဆေးခြင်း၊ ပိုးသတ်ခြင်းနှင့် သတ်မှတ်ထားသည့် အပူချိန်တွင် စနစ်တကျထားရှိခြင်းတို့ဖြင့် အစားအသောက်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ကြသည်။

စိုက်ပျိုးမြေအများစုသည် ဓာတ်မြေသြဇာမကင်းစင်သည့်အခါ သန့်စင်သည့် အော်ဂဲနစ်ရရှိရန် မလွယ်သေးကြောင်း စိုက်ပျိုးရေးပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

“အဓိကကတော့ ဆလတ်ရွက်စိုက်တာများတယ်။ ငရုတ်သီးနဲ့ ကြက်သွန်လည်း စိုက်တယ်။ ဟိုတယ်လေးခုနဲ့ စားသောက်ဆိုင်ဆယ်ခုလောက်နဲ့ နယ်ကိုပို့ရတယ်”ဟု အော်ဂဲနစ်ခြံပိုင်ရှင်
ဒေါ်ခင်မမကပြောသည်။

စားသုံးသူများက ပိုမိုစိတ်ချရမည့် အော်ဂဲနစ်အသီးအနှံများအပေါ် စိတ်ဝင်စားမှုများပြားလာသည့်အခါ ပြည်တွင်းစားသုံးသူများသည့် စားသောက်ဆိုင်များပါ အော်ဂဲနစ်အသီးအနှံများ ပြောင်းလဲစားသုံးရန် စီစဉ်လာကြခြင်းဖြစ်သည်။

“အော်ဂဲနစ်က သိပ်လည်းမရတော့ အနည်းအကျဉ်းပဲနိုင်တယ်။ ဧည့်သည်တွေကလည်း အော်ဂဲနစ်သီးသန့်ရှိလားဆိုပြီး မေးကြတာတွေလည်းရှိတယ်”ဟု ပဒုမ္မာစားသောက်ဆိုင် မန်နေဂျာကိုထွန်းထွန်းကပြောသည်။

အော်ဂဲနစ်အသီးအနှံများကို ကိုယ်ပိုင်စိုက်ပျိုးရေးခြံများစီစဉ်ရန် နာမည်ကြီးစားသောက်ဆိုင်အုပ်စုကြီးအချို့က ပြင်ဆင်နေခြင်းများရှိကြောင်း အဆိုပါဆိုင်များနှင့် တွေ့ဆုံမေးမြန်းချက်အရ သိရသည်။

ပြည်တွင်းရှိ ပိုးသတ်ဆေးများ အလွန်အမင်းအသုံးပြုထားသည့် အစားအစာများ၊ ဆိုးဆေးများအသုံးပြုထားသည့် အသီးအရွက်များအစား အော်ဂဲနစ်အသီးအရွက်များက စားသုံးလိုသူများအား ပိုမိုဆွဲဆောင်လာနိုင်ပြီး စိတ်ချစွာစားသုံးနိုင်မည့် အစားအသောက်များ ချက်ပြုတ်ရောင်းချသည့် ၀န်ဆောင်မှုရေစီးလည်း ပြောင်းလဲလာတော့မည်ဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal