ဆီးဂိမ်းစ်တွင် အမျိုးသား ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတာဝန် ထမ်းဆောင်ရန် ရဲမေ ၉၀ ကျော် ခန့်အပ် - Eleven Media Group

ပို့စ်တင်ချိန် - 10/19/2013 02:58:00 PM



(ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကျားတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲမေ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))

၂၇ နှစ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် အတွက် ဒုရဲအုပ် ရဲမေများ အပါအ၀င် အခြားအဆင့် ရဲမေစုစုပေါင်း ၉၀ ကျော်အား ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်အဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် အတွက် ဒုရဲအုပ်အဆင့်ရှိသည့် ရဲမေ ၄၂ နှစ်ဦးနှင့် အခြားအဆင့် ရဲမေ ၅၂ ဦးတို့ကို အသစ်ခန့်အပ်ထားပြီး သင်တန်းများ ပို့ချနေကြောင်း သိရသည်။

''စက်တင်ဘာ ၂၇ ရက် တုန်းက ဒုရဲအုပ်ရဲမေတွေ တပ်ဖွဲ့ဝင်သင်တန်း ဆင်းတယ်။ အဲဒီအထဲကမှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ အရပ် ၅ ပေ ၅ လက်မရှိတဲ့ သူတွေကို ရွေးချယ်ပြီး ခန့်အပ်ခဲ့တာပါ။ အခုခန့်အပ်ခဲ့တဲ့ ရဲမေတွေ အကုန်လုံးကလည်း ရဲတပ်ဖွဲ့ဝင်တွေထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတွေ ဖြစ်ပါတယ်။ အခု အသစ်ခန့်အပ်လိုက်တဲ့ ရဲမေတွေကိုတော့ ဆီးဂိမ်းစ်ကျင်းပမယ့် အားကစားကွင်းတွေနဲ့ ကျင်းပမယ့် နေရာတွေမှာ အမျိုးသား ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း အမျိုးပေါင်း ၃၃ မျိုး ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားသမားပေါင်း ၁၀၂၁ ဦး ဖြင့် ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ယခုလက်ရှိ အချိန်ထိ အာဆီယံ နိုင်ငံများမှ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား အရေအတွက် စာရင်းများအရ မြန်မာနိုင်ငံမှ အများဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံမှ ၈၂၀ ဦးဖြင့် ဒုတိယ အများဆုံး၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့မှ အားကစားသမား ဦးရေ ၆၈၉ ဦးစီတို့ဖြင့် တတိယ အားကစားသမား အများဆုံးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားကြောင်း အားကစား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။