နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသော Shangrila Residence နှင့် Rose Garden ဟိုတယ်တို့မှ ဆီးဂိမ်းအမီ အခန်းများရရှိရေး ၀န်ကြီးဌာနနှင့် ညှိနှိုင်းဆဲ - Eleven Media Group

ပို့စ်တင်ချိန် - 10/19/2013 06:55:00 PM




နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသော Shangrila Residence နှင့် Rose Garden ဟိုတယ်မှ ဆီးဂိမ်းအမီ ပမာဏ အခန်းများရရှိရေး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် ညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် လက်ခံ ကျင်းပတော့မည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဟိုတယ်အခန်းများ လိုအပ်ချက်မှာ ရန်ကုန်နှင့် နေပြည်တော်တို့တွင် အဓိက လိုအပ်လာမည်ဟု ၀န်ကြီးဌာနမှ သုံးသပ်ထားပြီး အဓိကထား ဖြည့်ဆည်းရမည် ဖြစ်သည့်အတွက် ရန်ကုန်တွင် ပြင်ဆင်ဆောက်လုပ်နေဆဲ ဖြစ်သည့် ဟိုတယ်၊ အဆောက်အအုံများထဲမှ Shangrila Residence နှင့် Rose Garden ဟိုတယ်မှ လိုအပ်သည့် အခန်းအရေအတွက် ရရှိရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညှိနှိုင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်များမှာ အခန်း ၂၄၀ နှင့် အခန်း ၃၀၀ စီတို့ ရှိမည်ဖြစ်ပြီး အမှန်တကယ် ပြီးစီးခဲ့မည် ဆိုပါက ရန်ကုန်တွင် ကျင်းပမည် ဖြစ်သော ဆီးဂိမ်းပြိုင်ပွဲအတွက် အခန်းများမှာ လုံလောက်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ဆိုသည်။

''Shangrila Residence ကတော့ နိုဝင်ဘာမှာ ဖွင့်ပွဲလုပ်နိုင်မယ်လို့တော့ သိထားတယ်။ အဲဒီမှာ သူတို့ဘက်ကလည်း တတ်နိုင်သလောက် ရရှိနိုင်အောင် လုပ်ဆောင်နေတယ်။ နောက်ပြီး Rose Garden ဟိုတယ်ဆိုလည်း နဂိုကတည်းက ဒီဇင်ဘာအတွင်းမှာ အပြီးသတ်နိုင်မယ်လို့ တင်ထားပြီးသားဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ အနေနဲ့ လိုသလောက် အခန်းရရှိနိုင်မယ်လို့ ထင်ပါတယ်'' ဟု ဦးလှိုင်ဦးက ပြောကြားသည်။

Shangrila Residence နှင့် Rose Garden ဟိုတယ်မှာ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံထားသည့် အဆောက်အအုံများ ဖြစ်ပြီး ယခုနောက်ပိုင်း မြန်မာနိုင်ငံ၏ ခရီးသွားဧည့်သည် အဆမတန် မြင့်တက်လာမှုကြောင့် ပြန်လည်ပြင်ဆင်ကာ ဖွင့်လှစ်မည် ဖြစ်သည်။

လာမည့် ဆီးဂိမ်းအတွက် ရန်ကုန်-နေပြည်တော်-မန္တလေးတို့တွင် ဆီးဂိမ်းပြိုင်ပွဲအတွက် ဟိုတယ် ၈၆ လုံးမှ အခန်းပေါင်း ၇၀၀၀ ကျော် ထားရှိမည်ဖြစ်ပြီး ရန်ကုန်တွင် Sedona၊ Traders ဟိုတယ်များ အပါအ၀င် ဟိုတယ် အလုံးပေါင်း ၃၃ လုံးရှိ အရန်အခန်းများ အပါအ၀င် ၁၀၂၆ ခန်း ထားရှိမည် ဖြစ်ကြောင်း သိရသည်။

(ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသော Rose Garden ဟိုတယ်ကို တွေ့ရစဉ်)