ဘယ်တော့မှ မမေ့ဘူး …

ပို့စ်တင်ချိန် - 7/10/2014 07:28:00 AM


သေသောသူ ကြာရင်မေ့ဆိုပေမယ့် မြန်မာပြည်သူတွေအများစု မမေ့နိုင်သေးတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒွေး ကွယ်လွန်ခဲ့တဲ့ ၇နှစ်ပြည့်ပါတော့မယ်။ မီးထိုးမှန်ထိုးဘဝကနေ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မယ် ရုပ်ရှင်ကားမှာ ရှုတင်မန်နေဂျာနဲ့ စတင်လာတဲ့ ဒွေးကို ပရိသတ်ချစ်နေကြတာ သူအကယ်ဒမီရတာထက် ပိုပြီး တန်ဖိုးထားတယ်လို့ မမိုးမိုးက ဆိုပါတယ်။

ဦးလေးဖြစ်သူ မင်းသားကြီး ကျော်ဟိန်းရဲ့ဆန္ဒနဲ့ ရုပ်ရှင်လောကထဲရောက်လာပေမယ့် ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ အောင်မြင်အောင်လုပ်ခဲ့သူပါလို့ ကျန်ရစ်သူဇနီးသည် မမိုးမိုးက ပြောပြပါတယ်။ ပရိသတ်ဆီက ငွေကို လိမ်မယူချင်ဘူးဆိုတဲ့ တာဝန်ကျေဖို့က နံပါတ်တစ်လို့ ဒွေးတစ်ယောက် သဘောပိုက်ထားခဲ့တယ်လို့ ရှင်းပြပါတယ်။

ကိုသားကြီးလို့ မိတ်ဆွေအပေါင်းအသင်းတွေကြား သိကြတဲ့ ဒွေးဟာ ၂ဝဝ၇ ဇူလိုင် ၁၁ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒွေးကွယ်လွန်ခဲ့တာ မူးယစ်ဆေးဝါးကြောင့်လို့ လူပြောများကြပေမယ့် ဒွေးရဲ့ညီ သားညီက သူ့အစ်ကို တကယ်ဆုံးပါးခဲ့ရတာဟာ လူကြီးသွေးလွန်တုပ်ကွေးရောဂါကြောင့်ပါလို့ ဆိုပါတယ်။ ဒွေးမရှိတော့တဲ့နောက်ပိုင်း သူလည်း အနုပညာနယ်ပယ်မှာ အတော်ပဲ ရုန်းကန်ခဲ့ရတယ်လို့ ပြောပါတယ်။

ဇူလိုင်လရောက်တိုင်း ဒွေးကို ရင်ထဲမှာ အမြဲသတိရနေတဲ့ ဒါရိုက်တာ ညိုမင်းလွင်က ၁၁ရက်နေ့ကျရင် ၇နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အမှတ်တရအစီအစဉ်လေးတစ်ခု လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒွေးသေဆုံးခဲ့ပြီဆိုတာကို သူ့ရင်ထဲမှာ လက်မခံသေးဘူး၊ သူ့ကို မင်းသားတစ်ယောက်ထက် အစ်ကိုကြီးတစ်ယောက်လို ချစ်ခဲ့ရပါတယ်လို့ ပြောပြပါတယ်။

အမေ့ခြေရာဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီကို ဒွေးရခဲ့ပါတယ်။ အကယ်ဒမီဒွေး ဆုံးပါးပြီးနောက်ပိုင်း အခြားကွယ်လွန်ကြတဲ့ အနုပညာရှင်တွေအတွက် အမှတ်တရတွေ လုပ်ကြတဲ့အချိန် ဒွေးဆိုတာ ဘယ်နေရာမှာလဲလို့ ဇနီးဖြစ်တဲ့ မမိုးမိုး စဉ်းစားမိခဲ့ပါတယ်။ အားလုံးက ဒွေးကို မေ့လိုက်ကြပြီလားဆိုတာ သူစိတ်မကောင်းဖြစ်ခဲ့ပုံရပါတယ်။

ဒွေးရဲ့ညီတစ်ယောက် ဖြစ်ခွင့်ရတာနဲ့တင် ဒီလောကမှာ အသက်ရှင်ရတာ တော်တော်တန်နေပါပြီလို့ သားညီက ပြောပါတယ်။ သေတဲ့အချိန်ထိ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့တာ သူ့အစ်ကိုအတွက် ရင်အနာဆုံးပါပဲတဲ့။

Kamaryut Media