ရုန်းထွက်ဖို့ခက်တဲ့ အိုပါးတို့ရဲ့လှိုင်းဂယက်

ပို့စ်တင်ချိန် - 8/08/2014 09:48:00 AM



မိုးရေစက်များက စီတန်းနေသော ရောင်စုံထီးများဆီသို့ အရှိန်ပြင်းပြင်းဖြင့် ကျရောက်နေသည်။

ထီးရောင်စုံများအောက်တွင်တော့ တောင်ကိုရီးယားဂီတဗီဒီယိုများတွင် မြင်တွေ့ရလေ့ရှိသော ဖက်ရှင်ခပ်လန်းလန်းများ ဝတ်ဆင်ထားသည့် လူငယ်များက ဖျော်ဖြေရေးစင်မြင့်ရှိရာ ဝင်ပေါက်သို့ တိုးဝှေ့ဝင်ရောက်နေကြသည်။

၎င်းတို့လက်ထဲတွင် နာရီပိုင်းအတွင်း စတင်တော့မည့် ကေပေါ့ပ်ဖျော်ဖြေပွဲလက်မှတ်များကိုလည်း အဆင်သင့်ကိုင်ဆောင်ထားကြသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်ကဆိုလျှင် စိတ်ကူးတောင်မယဉ်ခဲ့ဖူးသည့် ကမ္ဘာ့စင်မြင့်များထက် အောင်မြင်နေသည့် နာမည်ကျော်ကေပေါ့ပ်အဖွဲ့ဖြစ်သည့် 2NE1 အဖွဲ့ကို ကိုယ်တိုင်မြင်တွေ့ရတော့မည်ဟူသော အတွေးများဖြင့် ထိုလူငယ်များ၏ သွင်ပြင်မှာ မိုးသည်းနေသည်ကိုပင် မေ့လျော့ကာ တက်ကြွရွှင်လန်းလျက်။

ထိုလူငယ်တို့မှာ သြဂုတ် ၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော တောင်ကိုရီးယားမှ နာမည်ကျော် 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲကို ကြည့်ရှုနိုင်ရန် တန်းစီစောင့်ဆိုင်းနေသူများပင် ဖြစ်ပါသည်။

ယင်းဖျော်ဖြေပွဲသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးစာရင်းဝင် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့ဖူးသမျှ နိုင်ငံတကာဖျော်ဖြေပွဲများတွင် လက်မှတ်ဈေးအကြီးဆုံး ဖြစ်ခဲ့သည်။ လက်မှတ်များကို အနိမ့်ဆုံး ငွေကျပ်နှစ်သောင်းခွဲမှ ကိုးသိန်းအထိ ရောင်းချခဲ့ရာ အားလုံးနီးပါး ရောင်းကုန်ခဲ့ပြီး ရုံပြည့်ခဲ့သည်။

အောင်မြင်ခဲ့သည့် 2NE1 အဖွဲ့၏ ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံတွင် ကိုရီးယားယဉ်ကျေးမှုလှိုင်းဂယက် မည်မျှကြီးမားလွှမ်းမိုးနေသည်ဆိုသည်ကို မြင်တွေ့နိုင်သည့် အကောင်းဆုံးသာဓကတစ်ခုပင် ဖြစ်သည်။

ဂီတအနုပညာရေစီးကြောင်းသာမက ကိုရီးယားဖက်ရှင်ဒီဇိုင်းများ၊ အစားအသောက်၊ ယဉ်ကျေးမှုများမှစ၍ လူ့အသုံးအဆောင်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများအထိ ကိုရီးယားနိုင်ငံ၏ အသွင်အပြင် ဓလေ့စရိုက်များသည် ၂၀၀၀ ပြည့်နှစ်အလွန်တွင် မြန်မာနိုင်ငံသို့ သိသိသာသာ ဝင်ရောက်စီးဆင်းလာသည်မှာ ငြင်းဆန်၍မရသော အချက်ပင်ဖြစ်သည်။

ကိုရီးယားဒရာမာကားတိုင်းလိုလိုတွင် ဇာတ်ဝင်ခန်းအဖြစ် ပါဝင်တတ်သော အင်္ကျီဆင်တူများ ဝတ်ဆင်ကာ ခေါင်းတွင် တဘက်ဖြူပတ်ပြီး အပန်းဖြေရင်း ချွေးထုတ်ကြသည့် ချွေးထုတ်ခန်း၊ ချွေးပေါင်းခန်းကို ရာသီဥတုပူအိုက်သည့် ရန်ကုန်မြို့လိုနေရာမျိုးတွင် လာရောက်ဖွင့်လှစ်ခြင်းကလည်း မြန်မာနိုင်ငံသို့ ရိုက်ခတ်လာသော ကိုရီးယားယဉ်ကျေးမှု လှိုင်းဂယက်များထဲမှ တစ်ခုပင်ဖြစ်သည်။

ယင်းချွေးထုတ်ခန်းများကို မိသားစုလိုက်၊ လူငယ်များက အဖွဲ့လိုက်၊ နှစ်နှစ်ခြိုက်ခြိုက် သွားရောက်ကာ ဒရာမာကားများတွင် တွေ့ရသည့် တောင်ကိုရီးယားလူမျိုးတို့၏ နေထိုင်မှုပုံစံအတိုင်း စုဝေးထိုင်ကာ ကြက်ဥပြုတ်စား၊ အအေးထိုင်သောက်ကာ အဖွဲ့လိုက် စကားထိုင်ပြောနေကြသည့် မြင်ကွင်းများက ရန်ကုန်မြို့ပြ၏ ကိုရီးယားရေစီးကြောင်းထဲမှ တစ်ခုပင်။

တောင်ကိုရီးယားလူမျိုးတို့သည် ၎င်းတို့၏ယဉ်ကျေးမှုကို နိုင်ငံတကာမှ သိမြင်အောင် ပြုလုပ်ရေးသည် အမျိုးသားရေးမူဝါဒတစ်ခုအဖြစ် ချမှတ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး ကိုရီးယားယဉ်ကျေးမှုသည် မြန်မာနိုင်ငံတွင်သာမက ဒေသတွင်းနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံများတွင် စီးဝင်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်ကပြောသည်။

‘‘ခုနောက်ပိုင်း ကမ္ဘာမှာ နိုင်ငံတစ်ခုကတစ်ခုကို ဝင်ရောက်တဲ့အခါ Soft Power ကိုပဲသုံးပြီးတော့ ဝင်ကြတော့တယ်။ Hard Power ကိုသုံးတာ နည်းသွားပြီ’’ ဟု ဒေါက်တာအောင်ထွန်းသက်ကဆိုသည်။

နိုင်ငံတစ်နိုင်ငံက ၎င်းတို့၏ ယဉ်ကျေးမှုဓလေ့များ၊ ရိုးရာအစားအသောက်များ၊ နိုင်ငံ၏ ဒေသအလှအပများ၊ ဘာသာစကား၊ ဖက်ရှင်တို့ကို နိုင်ငံတကာက သိမြင်လာအောင် ဈေးကွက်မြှင့်တင်ရာ၌ ယင်းနိုင်ငံက ဖန်တီးထားသော အနုပညာမှတစ်ဆင့် ပျံ့နှံ့အောင်ဆောင်ရွက်နိုင်ကြောင်း စာရေးဆရာမ ပုညခင်က ကိုရီးယားယဉ်ကျေးမှုများ ပြည်တွင်းသို့ စီးဝင်လာမှုနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားသည်။

‘‘ဂီတရုပ်ရှင်အနုပညာတွေကို နိုင်ငံအရပ်ရပ်က လက်ခံလာတာနဲ့အမျှ သူတို့ယဉ်ကျေးမှုဟာ တခြားနိုင်ငံတွေကို စီးဆင်းလွှမ်းမိုးသွားနိုင်ပါတယ်။ အထူးသဖြင့် အနုပညာကိုယ်ခံအားမကောင်းတဲ့ နိုင်ငံတွေကို ပိုပြီးစီးဆင်းလွှမ်းမိုးနိုင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အနုပညာဖန်တီးမှုတွေ အားနည်းလေလေ သူ့နိုင်ငံရဲ့ အနုပညာလွှမ်းမိုးဝါးမျိုမှုကို ခံရလေလေပါ’’ဟု ဆရာမပုညခင်က ကိုရီးယားယဉ်ကျေးမှု စီးဝင်လာမှုနှင့် ပတ်သက်ပြီး ပြောသည်။

‘ဆောင်းဦးရွက်ကြွေ ချစ်သက်သေ’ဟု အမည်ရသည့် ကိုရီးယားဒရာမာဇာတ်လမ်းတွဲ စတင်ပြသခဲ့သည့် ၂၀၀၃ ခုနှစ်နောက်ပိုင်း တစ်စိမ့်စိမ့်စီးဝင်ခဲ့သည့် ကိုရီးယားယဉ်ကျေးမှု လှိုင်းဂယက်မှာ ယခုအခါ မြန်မာနိုင်ငံတွင် အတော်ပင်အားကောင်းနေလေပြီ။

‘ဆောင်းဦးရွက်ကြွေ ချစ်သက်သေ’ဇာတ်လမ်းတွဲမှ ဇာတ်လိုက်ကျော်များဖြစ်သည့် အွန်စော၊ ဂျွန်စော၊ ထယ်စောက်တို့မှအစပြုကာ ဒါရိုက်တာရင်၊ ဂျူမုံ၊ ချန်ဂင်၊ ဆန်းမီ စသည့် ဇာတ်ကောင်အမည်များဖြင့် ကိုရီးယားဇာတ်လမ်းတွဲများကို မြန်မာပရိသတ် သည်းသည်းလှုပ်ခဲ့သည်မှာ ယနေ့တိုင်ပင်။

ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲများ နောက်တွင်တော့ အဖွဲ့လိုက်သီဆိုကာ ဖက်ရှင်နှင့် အကကို ဦးစားပေးသည့် ကေပေါ့ပ်ဟုခေါ်သည့် ကိုရီးယားဂီတမှာလည်း အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံရှိ လူငယ်ထုအကြား အရှိန်အဟုန်ဖြင့် လွှမ်းမိုးလာခဲ့သည်။

ကေပေါ့ပ်သီချင်း ယဉ်ကျေးမှုကြောင့် မြန်မာလူငယ်များ၏ ဝတ်စားဆင်ယင်မှုပုံစံမှာလည်း ပြောင်းလဲလာခဲ့သည်။ အရောင်တောက်တောက်၊ စကတ်တိုပြတ်ပြတ်နှင့် ရှုပ်ရှုပ်ထွေးထွေးဝတ်ဆင်သောပုံစံ (သို့မဟုတ်) ခပ်ပွပွနှင့် အတိုအကျပ် တွဲဝတ်ကြသည်က ယနေ့ခေတ်၏ တွေ့မြင်နေကျ ဝတ်စားဆင်ယင်မှုများ ဖြစ်လာသည်။

အချို့သောသူများကတော့ ထိုသူများကို ကိုရီးယားရူးနေသူများ၊ ကိုရီးယားကိုသာ အကောင်းထင်နေသူများဟူ၍ စသဖြင့် ကိုရီးယားယဉ်ကျေးမှု နှစ်သက်သူများကို အမျိုးမျိုးဝေဖန်မှုများလည်းရှိသည်။

‘‘ဒါကတော့ ရိုးရိုးသာမန်ပါပဲ။ သူများနိုင်ငံက ဘောလုံးပွဲတွေကို ကြိုက်သလိုပေါ့။ ကိုရီးယားမှ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ နာမည်ကြီးအဆိုတော်တွေနဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေကိုတော့ သုံးမှာပဲ၊ ဝယ်မှာပဲလေ။ ဒါက သာမန်ပါပဲ။ ကိုရီးယားကြိုက်တဲ့သူက ကိုရီးယားပေါ့’’ဟု အသက်(၂၀)ဝန်းကျင်ရှိ တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောသည်။

လက်ရှိ ခေတ်စနစ်အရ ဘယ်အရာကိုမှ တံခါးပိတ်ထား၍မရပါဘဲ တိုင်းတစ်ပါးနိုင်ငံများ၏ အနုပညာယဉ်ကျေးမှုများ မိမိတို့ နိုင်ငံအတွင်းသို့ ဝင်မလာအောင် မတားဆီးနိုင်သကဲ့သို့ နိုင်ငံတွင်းမှ ပြည်သူများလည်း မခံစား၊ မနှစ်သက်ရဘူးဟူ၍ တားမြစ်၍မရနိုင်ကြောင်း စာရေးဆရာမပုညခင်က သုံးသပ်သည်။

‘‘ကိုရီးယားမှမဟုတ်ပါဘူး။ ဘယ်နိုင်ငံက အနုပညာကို ခံစားတဲ့နေရာမှာဖြစ်ဖြစ် ကောင်းတာတွေကိုသာ အတုယူပြီး မကောင်းတာတွေ အတုမယူမိဖို့ အရေးကြီးပါတယ်’’ဟု ၎င်းကဆိုသည်။

ဒရာမာဇာတ်လမ်းတွဲများတွင် အများဆုံးပါလေ့ရှိသော ပဲခေါက်ဆွဲ၊ ကင်ချီ၊ ကြက်ဥလိပ်ထမင်းကြော်၊ တော့ပိုကီ စသည့် ကိုရီးယားအစားအသောက်များကိုလည်း စွဲလမ်းစွာ စားသုံးလာကြပြီး ရန်ကုန်မြို့တွင်သာမက အချို့မြို့ကြီးများအထိပါ ကိုရီးယားစားသောက်ဆိုင် အများအပြား ခြေဆန့်လာလေပြီ။

ကိုရီးယားဇာတ်လမ်းတွဲများတွင် ၎င်းတို့၏ ရိုးရာအစားအသောက်များကို စားချင်စဖွယ် ပြင်ဆင်ထားသောကြောင့် စိတ်ဝင်စားခဲ့ကာ ကိုရီးယားစားသောက်ဆိုင်များတွင် သွားရောက်စားဖြစ်ခဲ့ရာမှ ကိုရီးယားအစားအစာများကို ကြိုက်နှစ်သက်ခဲ့ကြောင်း အသက်(၂၅)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

‘‘ကိုရီးယားအစားအသောက်တွေက ပူပူစပ်စပ်တွေ၊ ချဉ်ချဉ်စပ်စပ်တွေ များတာဆိုတော့ မြန်မာပါးစပ်နဲ့လည်း အကြိုက်တွေ့တယ်။ နောက်ပြီး အခုနောက်ပိုင်းမှာ ကိုရီးယားစာရောင်းတဲ့ဆိုင်တွေလည်း အရမ်းများလာတယ်။ ဆိုင်ကြီးတွေမှ မဟုတ်ဘူး။ တချို့ကော်ဖီဆိုင်တွေဆိုရင်တောင် ကိုရီးယားစာကို တွဲရောင်းလာတယ်’’ဟု ၎င်းကပြောသည်။

‘‘ကိုရီးယားဆိုရင် ကင်ချီယဉ်ကျေးမှုက နိုင်ငံတကာကို ထိုးဖောက်တယ်။ ထိုင်းလည်း အတူတူပဲ။ ထိုင်းအစားအသောက်တွေကို ပရိုးမိုးရှင်းလုပ်တယ်။ ဒါကြောင့် မြန်မာ့အစားအသောက်တွေကို ဘယ်အရာတွေက လုပ်လို့ရတယ်ဆိုတာတွေကိုတော့ လေ့လာပြီး လုပ်သင့်တယ်’’ဟု ဒေါက်တာအောင်ထွန်းသက်က လမ်းညွှန်ပြောသည်။

ကိုရီးယားတို့သည် နိုင်ငံတကာ၏ စီးပွားရေးစစ်မျက်နှာပြင်များသို့ ၎င်းတို့ ရိုးရာအစားအသောက်များ ရောင်းချသော စားသောက်ဆိုင်များဖြင့် ဝင်ရောက်လာသလို ကိုရီးယားနည်းပညာသုံး လူ့အသုံးအဆောင်များကလည်း ကမ္ဘာတစ်ဝန်းတွင် ဝင်ဆံ့နေပြီဖြစ်သည်။

ကိုရီးယားနိုင်ငံသည် နည်းပညာဆိုင်ရာ အားကောင်းသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာရှတွင် ဂျပန်ကဲ့သို့ ကိုရီးယားထုတ်ကုန်များဖြစ်သည့် ဥပမာ-ဆမ်ဆောင်းစမတ်ဖုန်းများ၊ ဟွန်ဒိုင်းမော်တော်ကားများသည် ကမ္ဘာ့ဈေးကွက်တွင် ထိုးဖောက်နိုင်သည့် အောင်မြင်မှုရရှိနေပြီဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံ၏ ထူးချွန်အောင်မြင်သော ချန်ပီယံလုပ်ငန်းရှင်များကို ထိန်းသိမ်းထားနိုင်ပြီး နိုင်ငံတကာသို့ ထိုးဖောက်မည်ဆိုပါက နိုင်ငံ၏ချန်ပီယံများ ပူးပေါင်းဆောင်ရွက်လေ့ရှိသည်ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

‘‘မြန်မာတွေက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အတုယူတတ်ဖို့လိုတယ်။ ကျန်တာတွေကိုတော့ လိုက်ပြောနေလို့မရဘူး။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရမှာပါ။ သူတို့မှာ ကောင်းတာတွေ အများကြီး ရှိပါတယ်’’ဟု ဒေါက်တာအောင်ထွန်းသက်က သုံးသပ်ပြောသည်။


[2NE1 အဖွဲ့မှ မြန်မာပရိသတ်များကို အမှတ်တရလက်မှတ်ရေးထိုးပေးနေစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)]

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုရီးယားနှင့်ပတ်သက်သော အဝတ်အစားဖက်ရှင်များ၊ အလှပြင်ပစ္စည်းများ၊ အစားအသောက်များသာမက ကိုရီးယားနိုင်ငံထုတ် မော်တော်ကားများ၊ ကိုရီးယားနိုင်ငံထုတ် ဆမ်ဆောင်းအမှတ်တံဆိပ်၊ အယ်လ်ဂျီကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် ဝယ်ယူ၍ရနေပြီဖြစ်သည်။

မြန်မာနှင့် ကိုရီးယားနိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် လွန်ခဲ့သည့်ငါးနှစ်ကျော်ကာလ ၂၀၀၆-၀၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်သာရှိနေခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင်မူ ကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရှိနေခဲ့သောကြောင့် ခြောက်နှစ်အတွင်း လေးဆကျော်မြင့်တက်လာခဲ့သည်။

စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၃ နှစ်ကုန်တွင် ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၌ လုပ်ငန်းပေါင်း ၈၄ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာသုံးဘီလီယံကျော် (၃၀၄၅ ဒသမ ၂၂၄ သန်း) ရင်းနှီးမြှုပ်နှံထားခဲ့ပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် အဆင့်(၅)နေရာ၌ ရှိနေခဲ့သည်။

နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုများ တိုးတက်လာသလို အခြားကဏ္ဍအသီးသီးတွင်လည်း တဖြည်းဖြည်း လွှမ်းမိုးလာသည့် အခြေအနေကို ထိန်းချုပ်နိုင်မည့်သူများမှာ မြန်မာနိုင်ငံသားများပင် ဖြစ်သည်။ လက်ရှိအချိန်တွင် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေသော်လည်း ဖွံ့ဖြိုးသည့်နိုင်ငံများကဲ့သို့ပင် နိုင်ငံတကာဖျော်ဖြေပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဆိုသည့် အင်အားက အနာဂတ် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။

တစ်ချိန်က တရုတ်ဇာတ်လမ်းတွဲထဲတွင် မျောပါကာ တရုတ်နိုင်ငံက ထွက်ကုန်အမျိုးမျိုး၏ စီးပွားရေးအချက်အချာ နယ်မြေတစ်ခုဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် မကြာမီအချိန်အတွင်း ကိုရီယား၏ စီးပွားရေးဈေးကွက်တစ်ခု ဖြစ်မည်၊ မဖြစ်မည်ကိုမူ မည်သူမျှခန့်မှန်းနိုင်မည် မဟုတ်ပေ။        ။

7day daily