ဘာသာခြားများ ချစ်ခင်ရင်းနှီးရန် သင်တန်းဖွင့်

ပို့စ်တင်ချိန် - 5/15/2014 04:44:00 PM


ယုဝေ| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ်

ကိုးကွယ်ရာဘာသာမတူသည့် လူငယ်များ အချင်းချင်း ရင်းနှီးချစ်ခင်မှုရရှိစေရန် ဘာသာကြီးလေးခုကို သင်ကြားပေးသော
သင်တန်းအားစတင်ဖွင့်လှစ်ထားပြီဟု အဆိုပါ သင်တန်းကျောင်းတွင် ခရစ်ယာန်ဘာသာကို သင်ကြားပေးသည့် ဦးစောလှိုင်ဘွားက ပြောသည်။

အဆိုပါသင်တန်းကို အင်းစိန်မြို့နယ်ရှိ ယုဒဿန် သုတေသနဌာန၊ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်တွင် ဖွင့်လှစ်ထားပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာများကို သင်ကြားကာ စကားပြောစွမ်းရည် မြှင့်တင်နိုင်စေရန် ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။

“လူငယ်တွေအနေနဲ့ ဘာသာကြီးလေးခုအကြောင်းကို ထဲထဲဝင်ဝင်သိရှိစေဖို့ အတွက် ဒီလိုသင်တန်းတွေပြုလုပ်ပေးတာပါ။ ဘာသာခြားလူငယ်တွေ အချင်းချင်းရင်းနှီးပြီး ဘာသာရေးအသိ ကြွယ်ဝစေဖို့အတွက်ပါ” ဦးစောလှိုင်ဘွားက ပြောသည်။

သင်တန်းကာလ အချိန်ဆယ်ရက်ကြာမည်ဖြစ်ပြီး အသက်၂၀မှ ၂၅ နှစ်ကြား လူငယ်များကို လက်ခံသွားမည်ဖြစ်သည်။
သင်တန်းသား ၂၅ ယောက်အထိ လက်ခံပြီး နေထိုင်စရိတ်ကအစ တာဝန်ယူသွားမည်ဖြစ်သည်။

သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးတွင် ငါးရက်နှင့် ပဲခူးတိုင်းဒေသကြီးတွင် ငါးရက်သင်ကြားပေးမည်ဖြစ်သည်။

Mizzima Burmese