ဂစ်တာတီး လူငယ်အဖွဲ့ကို ဆိုင်ကယ်စီး လူငယ်အဖွဲ့က ဝင်ရိုက်ရာမှ စီးပွားရေးတက္ကသိုလ် ကျောင်းသားတစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 6/29/2013 07:58:00 PM

မုံရွာမြို့၏ တက္ကသိုလ်ကြီးများသို့ သွားရာ လမ်းမကြီးဖြစ်သော ကျောက္ကာလမ်းမကြီး ဘေးရှိ အမျိုးသမီး ဘော်ဒါဆောင် တစ်ဆောင်ရှေ့တွင် ဇွန်လ ၂၅ ရက်နေ့ ညပိုင်း ၁၀ နာရီ ၃၀ မိနစ်ခန့်က ဂစ်တာထိုင်တီးနေသော လူငယ်အဖွဲ့ကို ဆိုင်ကယ် စီးလာသည့် လူငယ်အဖွဲ့က ဝင်ရိုက်ရာမှ အသက် ၂၁ နှစ်အရွယ် စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ သေဆုံး ခဲ့ကြောင်း မိသားစုဝင်များနှင့် မုံရွာမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

သေဆုံးသူသည် အင်းတော်မြို့နယ် မော်သစ်ကျေးရွာအုပ်စု ရွာသာရွာတွင် နေထိုင်ပြီး ညီအစ်ကိုသုံးဦး ရှိသည့်အနက် ဒုတိယသားဖြစ်ကာ တိုင်းရင်းဆေးရုံ လမ်းမဘေးရှိ ပြင်ပဆောင်တွင် နေထိုင်၍ စီးပွားရေးတက္ကသိုလ် တက်နေခြင်း ဖြစ်ကြောင်း၊ သားဖြစ်သူ သေဆုံးခြင်းကို မုံရွာမြို့ပေါ်ရှိ ဆွေမျိုးသားချင်းများက အကြောင်းကြား၍ သိရှိခဲ့ရပြီး ဇွန်လ၂၇ ရက် နေ့နံနက် ၉ နာရီတွင် မုံရွာ မြနန္ဒာသုသာန်တွင် သဂြုင်္ိဟ်ခဲ့ကြောင်း ၎င်း၏ မိခင်က ပြောကြားသည်။

“ညပိုင်း ၈ နာရီလောက်က ထမင်းစား သွားမယ်ဆိုပြီး ထွက်သွားတာပဲ။ အဆောင်က ကောင်လေး တစ်ယောက်ကိုတော့ ဒီည အဆောင်ပြန်မအိပ်ဘူးလို့ ပြောသွားတယ်၊ ကျွန်မက စာသင်နေတော့ ကျွန်မကို လာမပြောဘူး။ အဲဒီညပိုင်း ၂ နာရီလောက်မှ ရဲအရာရှိတွေ ရောက်လာပြီး မောင်အောင်ဝိုင်း ချစ်သူ ဆုံးပြီဆိုတဲ့ အကြောင်း လာပြောမှ ဆုံးမှန်း သိရတယ်” ဟု သေဆုံးခဲ့သည့် နောက်ဆုံးနှစ် ကျောင်းသား နေထိုင်ခဲ့သည့် အဆောင်ပိုင်ရှင်က ဆိုသည်။

လူငယ်ရှစ်ဦးသည် မုံရွာ စီးပွားရေးတက္ကသိုလ်အနီး ကျောက္ကာ လမ်းမဘေးရှိ ရွှေမင်းသမီး အမျိုးသမီးဆောင် ရှေ့တွင် ဂစ်တာတီးနေစဉ်၊ ဆိုင်ကယ်လေးစီးဖြင့် အမည်မသိ လူ ၁၀ ဦး ရောက်လာပြီး အသင့် ယူဆောင်လာသည့် သစ်သားများဖြင့် ရိုက်နှက်ကြရာ ဂစ်တာတီးနေသူ များအနက် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မုံရွာမြို့ အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဘာရန်ငြိုးမှ မရှိဘဲ ဒီလိုအသတ်ခံရတဲ့ သူတွေက တက္ကသိုလ် အနီးအနား ဝန်းကျင်တွေမှာ ဖြစ်နေတာ အရင်က သာဓကတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်တုန်းက ဆိုလည်း ညဆိုအပြင် မထွက်ဝံ့ဘူး” ဟု မုံရွာတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဖြစ်စဉ်မျိုးမှာ ယခင်ကာလများ ကလည်း ဖြစ်ခဲ့ဖူးပြီး လွန်ခဲ့သော သုံးလခန့်ကလည်း မုံရွာ စီးပွားရေးတက္ကသိုလ် အနီးတွင် ယခုကဲ့သို့ပင် သစ်ပင်အနောက်မှ ကွယ်၍ ဆိုင်ကယ် စီးသွားသူတစ်ဦး အရိုက်ခံခဲ့ရကြောင်း မုံရွာ စီးပွားရေးတက္ကသိုလ်မှ ဆရာတစ်ဦးက ပြောကြားသည်။

The Voice Weekly