မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခနှုန်းထားများ လျှော့ပေးမည်

ပို့စ်တင်ချိန် - 6/29/2013 04:01:00 PM



နေပြည်တော်၊ ဇွန် ၂၈

တစ်မိနစ် ၅၀ကျပ်နှုန်းဖြင့် လက်ရှိ ကောက်ခံနေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ရောင်းချထားပေးသည့် မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခ နှုန်းထား များကို၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် (ယခုနှစ်) အတွင်း လျှော့ချပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က တစ်မိနစ် ငါးဆယ်ကျပ်နှုန်းဖြင့် ကောက်ခံနေသော တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများ ငါးကျပ်အထိ လျှော့ချပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တယ်လီဖုန်း ပြောဆိုခများ အပါအဝင် အခြားအခွန်အခ များမှာလည်း ခေတ်နှင့်လျော်ညီမှု မရှိတော့သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကာ ပြန်လည် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ငါးကျပ်နဲ့ ဝန်ဆောင်မှု ပေးမယ်လို့ အဆိုပြုတဲ့ ကုမ္ပဏီ မရှိသေးဘူး။ အခြားနိုင်ငံတွေနဲ့ တန်းတူလျှော့ပေးမယ်” ဟု ဦးသောင်းတင်က ရှင်းပြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခွင့်ကို Telenor နှင့် Orredoo ကုမ္ပဏီနှစ်ခု ရရှိကြောင်း ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်အပြီး နာရီပိုင်း အတွင်းမှာပင် ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုများကို ၂၀၁၄ မတ်လကုန်ပိုင်းတွင် စတင်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန် ကြေညာလိုက်သည်။

တယ်လီဖုန်း ခေါ်ဆိုခ နှုန်းထားများကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ တစ်မိနစ်လျှင် နှစ်ဆယ့်ငါးကျပ်မှ ကျပ်ငါးဆယ်သို့ တိုးမြှင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်။