ပေါက်တော ဘင်္ဂါလီအချင်းချင်း အုပ်စုလိုက်အကြမ်းဖက်မှု နှစ်ဦးသေ

ပို့စ်တင်ချိန် - 6/29/2013 08:00:00 PM

ရန်ကုန်၊ ဇွန် ၂၈

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာတွင် ဘင်္ဂါလီလူမျိုး အချင်းချင်း လူအုပ်စုလိုက် အကြမ်းဖက်မှု ဇွန်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်ထိန်းသိမ်းရာ လူနှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန့်ကပြောကြားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်များအတွက် ယာယီတဲကြီးများ ဆောက်ရန် ကြိမ်နီပြင်ကျေးရွာ ဒုက္ခသည်စခန်း လုပ်သားတာဝန်ခံ ဦးလာလုကို လုပ်သားငှားရမ်းစေရာတွင် အလုပ်မရှိသူများက မကျေနပ်ကြကြောင်း၊ ယင်းအပြင် ဒုက္ခသည်များအတွက် ယာယီတဲ ဆောက်လုပ်သည့်နေရာတွင် အလုပ်မလုပ်ရန် ဘင်္ဂါလီအုပ်စု အချို့က ဟန့်တားမှုများ ရှိခဲ့ကြောင်း ဦးမျိုးသန့်ကဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက အလုပ်သမားခေါင်းဆောင် ဦးလာလုဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည် အချို့ လုပ်သားအခကြေးငွေကိစ္စ မပြေမလည်ဖြစ်ရာမှ ယာယီတဲကြီးများ ဆောက်လုပ်နေသည့် ဦးလာလုနှင့် လုပ်သားများကို လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်ရန် လုပ်ဆောင်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လူစုကွဲရန် ပစ်ခတ်ထိန်းသိမ်းရာ နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက်အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်နေခြင်း ဖြစ်သည်။
မြောက်ဦးမြို့နယ် ပရိန်ကျေးရွာ တွင်လည်း ဇွန်လ ၄ ရက်နေ့က ဘင်္ဂါလီဒုက္ခသည် များအတွက် နေအိမ် ဆောက်လုပ်နေမှုကို ပရိန်ကျေးရွာမှ ဘင်္ဂါလီများက ကန့်ကွက်ခဲ့ကြပြီး နေအိမ် ဆောက်လုပ်သူများကို လူအုပ်စုလိုက် အကြမ်းဖက်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ထိန်းသိမ်းခဲ့ရာ ဘင်္ဂါလီသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly