ပြည်ထောင်စုလမ်းမကြီး၌ ပရိတ်ရွတ်

ပို့စ်တင်ချိန် - 7/17/2013 04:48:00 PM


ရွှေတြိဂံဒေသ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၆၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေး အသင်းဝင်များသည် သံဃာတော်များကို ပင့်ဖိတ်၍ ယာဉ်အန္တရာယ် အများဆုံး ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ ပြည်ထောင်စု လမ်းမကြီးပေါ်၌ ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံးမှ ဒုရဲမှူး အောင်လွင်က ပြောကြားသည်။

ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုများ ဖြစ်နေ၍ ယာဉ်အန္တရာယ် ထပ်မံမဖြစ်စေရန်နှင့် သေဆုံးသွားသူများ ကျွတ်လွတ်စေရန် သံဃာတော်များ ပင့်ဖိတ်ပြီး ပရိတ်ရွတ်ဆိုခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် ယာဉ်အန္တရာယ် ဖြစ်ပွားနေမှုများ လျော့နည်းလာစေရန် အတွက် လမ်းဝဲယာ တစ်လျှောက်ရှိ တိုင်းရင်းသားကျေးရွာ များသို့ ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့ရက်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောမှုများ လုပ်ဆောင်ပေးလျက် ရှိကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

"အရင်ကဆိုရင် ဘယ်သူမှ ဆိုင်ကယ်စီးဦးထုပ် မဆောင်းကြဘူး။ အခုဆို မြို့သွားရင် ဦးထုပ်မဆောင်းလို့ ဒဏ်ရိုက် ခံခဲ့ရလို့ရယ်၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားပြီး မတော်တဆ အက်ဆီးဒင့် ဖြစ်ခဲ့ရင် အသက်အန္တရာယ် မဖြစ်နိုင်တော့မှန်း သိသွားလို့ရယ် ကြောင့် လူတိုင်း
ဆိုင်ကယ်စီးဦးထုပ် ဆောင်းတတ်နေပြီ" ဟု ယင်းလမ်းမကြီးဘေးရှိ ယန်းခကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါလုက ဆိုသည်။

တောင်တန်းဒေသ ဗဟိုသာသနာပြု ကျောင်းဆရာတော် ဘဒ္ဒန္တတေဇနိယ ဦးဆောင်သော သံဃာငါးပါးသည် ယင်း မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က အဆိုပါ ဗဟို သာသနာပြုကျောင်းမှ စတင်ကာ မော်တော်ယာဉ်များပေါ်မှ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် အသွားအပြန် ပရိတ်တရားတော်များ ရွတ်ဖတ် ခဲ့ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားရာ နေရာများ ဖြစ်သော မိုင်တိုင်အမှတ် ၄၈ တာ ကျောက်တံတား အနီးနှင့် မိုင်းဇင်းကျေးရွာ အနီးတွင် မြေသန့် ကမ္မဝါများ ရွတ်ဖတ်ခဲ့ကြောင်း ယင်း ဆရာတော်များထံမှ သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ဖြစ်ပွားသော ယာဉ်မတော်တဆမှုများမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၁၃မှု ဖြစ်ပွားခဲ့ပြီး ၁၄၃ ဦး ဒဏ်ရာရရှိကာ ၄၁ ဦး သေဆုံးကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ၁၅၁ မှုဖြစ်ပွား ခဲ့ပြီး ၂၄၈ ဦး ဒဏ်ရာရရှိကာ ၇၄ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး ၂၃၇ ဒဏ်ရာရရှိကာ ၇၁ ဦး သေဆုံး ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇန်လအထိ ၉၂ မှုဖြစ်ပွားခဲ့ပြီး ၁၈၂ ဦး ဒဏ်ရာရရှိကာ ၃၅ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့ အမှတ် (၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

Voice