ပုဂံမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းတို့အား ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန် တင်သွင်းသွားမည်

ပို့စ်တင်ချိန် - 7/18/2013 01:27:00 PM

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂံမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းတို့အား ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန် တင်သွင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းသို့ ပုဂံမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းတို့အား ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် (World Heritage) အဖြစ် ယခုနှစ်အတွင်း တင်းသွင်းနိုင်ရန် စီစဉ်နေကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။
၂၀၁၂ ခုနှစ်အတွင်းက မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရား ပုရိဝုဏ်အတွင်း စိုက်ထူထားသည့် ပဉ္စမသင်္ဂါယနာတင် ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာ တင်ထားသည့် ကျောက်စာများကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် (World Heritage) အဖြစ် တင်သွင်းခဲ့ပြီးနောက် ယခု ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မှ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းဖော်ပြခြင်း ခံခဲ့ရသည်။
"ပုဂံမြို့ဟောင်းနဲ့ အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ဖို့အတွက် တင်သွင်းသွားဖို့ စီစဉ်နေပါတယ်။ ဒီလို ယူနက်စကိုကနေ အသိ မှတ်ပြု စာရင်းသွင်း ဖော်ပြလိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံမှာရှိနေတဲ့ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာကပါ စိတ်ဝင်စားမှု ပိုများလာပြီးတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေလည်း ပိုမိုဝင်ရောက်လာမှာ ဖြစ်ပါတယ်" ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဟန်လင်း၊ ပျူ၊ သရေခေတ္တရာ စသည့် ပျူမြို့ဟောင်း သုံးမြို့ကိုလည်း ယူနက်စကိုသို့ စာရင်းပေးတင်သွင်းထားကြောင်း သိရသည်။
ဒီလို ယူနက်စကိုကနေ အသိ မှတ်ပြု စာရင်းသွင်း ဖော်ပြလိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံမှာရှိနေတဲ့ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာကပါ စိတ်ဝင်စားမှု ပိုများလာပြီးတော့ . . . . .
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂံမြို့ဟောင်းအား ယခင်နှစ်များက ယူနက်စကိုသို့ ရှေးဟောင်းအမွေအနှစ် (World Heritage) အဖြစ် စာရင်းဝင်နိုင်ရန်အတွက် တင်သွင်းထားခဲ့သော်လည်း ပုဂံမြို့ဟောင်းရှိ အချို့သော ရှေးဟောင်းစေတီ ပုထိုးများကို ယခင်စစ်အစိုးရ လက်ထက်က မူလလက်ရာများအား ပြင်ဆင်ပြီး စေတီပုထိုး အသစ်တည်ထား ကိုးကွယ်ခဲ့မှုကြောင့် ယူနက်စကိုမှ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ဖော်ပြခံရခြင်းမှ ကင်းကွာနေခဲ့ရပြီး ယခုတစ်ဖန် ပြန်လည်တင်ပြရန် စီစဉ်ခြင်းလည်း ဖြစ်သည်။
ယူနက်စကိုမှ ရေးဆွဲပြဋ္ဌာန်းထားသည့် ကွန်ဗင်းရှင်းအရ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရွှေ့ပြောင်းနိုင်သော ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များအား တရားမ၀င် တင်ပို့ရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် ယဉ်ကျေးမှု ပစ္စည်းများ ပိုင်ဆိုင်မှု လွှဲပြောင်းပေးခြင်းများကို တားဆီးကာကွယ်ရန်အတွက် ၁၉၇၀ ပြည့်နှစ်တွင် အဆိုပါ ကွန်ဗင်းရှင်းကို ပြဋ္ဌာန်းထားခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့တွင် လက်ရှိအချိန်၌ နိုင်ငံပေါင်း ၁၂၂ နိုင်ငံမှ အဖွဲ့ဝင်အဖြစ် အဆိုပါ ကွန်ဗင်းရှင်းများကို မြန်မာနိုင်ငံ အပါအ၀င် လက်မှတ်ရေးထိုးထားသည်။

Eleven