အင်ယားကန်ဘောင်တွင် အင်တာနက်သုံးပြီးပြန်လာသူ အလုခံရ

ပို့စ်တင်ချိန် - 7/18/2013 06:09:00 PM


ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၂၆ မိနစ်

အင်းလျားကန်ဘောင်တွင် အင်တာနက်သုံးပြီးပြန်လာသည့် လူငယ်တစ်ဦး လုယက်ခံရမှုတစ်ခု ဇူလိုင် ၁၆ ရက်နံနက် ၂ နာရီ အချိန်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

လုယက်ခံရသူသည် အသက် ၂၁ နှစ်အရွယ် ကိုဝေဖြိုးသူ ဖြစ်ပြီးသူသည် ကမာရွတ်မြို့နယ်၊ ၉ ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟုလည်း ရဲဌာနက ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းသည် အင်းယားကန်ဘောင်တွင် အင်တာနက်ထိုင်သုံးပြီးအပြန် စံရိပ်ငြိမ် ၅ လမ်းကွေ့အရောက်တွင် အမည်မသိလူငယ်လေးဦးက နောက်မှလိုက်လာပြီး ၎င်းလွယ်ထားသော HP လက်ပ်တော့ကွန်ပျူတာနှင့် ငွေကျပ် ၆၀၀၀ ထည့်ထားသည့် ကျောပိုးအိတ်ကိုဆွဲလုခဲ့ကြောင်း ကာယကံရှင်ကရဲကို ထွက်ဆိုထားသည်။

ကိုဝေဖြိုးသူကလည်း ကျောပိုးအိတ်ကိုပြန်လုသဖြင့် နှစ်ဖက်အချေအတင်ဖြစ်ကာ လုယက်သူများအနက်မှ တစ်ဦးကအနီးရှိ တုတ်ဖြင့် ရိုက်နှက်ကြောင်း၊ ရိုက်နှက်မှုကြောင့် နဖူး၊ လက်ဖျံတို့တွင် ဒဏ်ရာများ ရရှိခဲ့သည်ဟုလည်း ရဲကို ထွက်ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ လုယက်သူများကိုစုံစမ်းပေးရန် ကိုဝေဖြိုးသူက ကမာရွတ်ရဲစခန်းတွင် တိုင်တန်းပြီး ရဲစခန်းကလည်း အမှုအမှတ် (ပ)၃၂၀/၁၃ ဖြင့် အမှုဖွင့်ထားကာ သံသယရှိသူများကိုဖမ်းမိပါက ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၉၄ လုယက်မှုဖြင့် တရားစွဲဆိုမည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ရဲဌာနတပ်ဖွဲ့မှူး ရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

လုယက်သူများကို ရှာဖွေဖမ်းဆီးရန် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းနေသည်။

Mizzima