ပုဂံယဉ်ကျေးမှုဒေသကို ကောင်းကင်မှ ရဟတ်ယာဉ်ဖြင့် လည်ပတ်စီးနင်းခွင့် ခရီးစဉ်သစ်လာမည်

ပို့စ်တင်ချိန် - 7/21/2013 11:11:00 AM


ပုဂံယဉ်ကျေးမှုဒေသတွင် နိုင်ငံတကာ ခရီးသည်များကို လည်ပတ်လေ့လာမှု ပုံစံသစ်အဖြစ် ဒေသတစ်ဝိုက် ရဟတ်ယာဉ်ဖြင့် ကောင်းကင်မှ လေ့လာကြည့်ရှုသည့် အစီအစဉ်ကို ပြည်တွင်းကုမ္ပဏီ တစ်ခုက တင်ပြထားကြောင်း လေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ ၁၂-၇-၂၀၁၃ ရက်တွင် သိရသည်။ ယင်းကဲ့သို့ ပုဂံယဉ်ကျေးမှု ဒေသကို ကောင်းကင်မှ ရဟတ်ယာဉ်ဖြင့် စီးနင်းလေ့လာ ကြည့်ရှု့ခြင်း အစီအစဉ်မှာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်လာတော့မည် ဖြစ်ပြီး နိုင်ငံတကာ ခရီးသွားများကလည်း စိတ်ဝင်စားနေကြသည်ဟု သိရသည်။ ''ပြည်တွင်းကုမ္ပဏီ တစ်ခုက တင်ပြထားတာပါ။ ကုမ္ပဏီနာမည်ကိုတော့ ပြောလို့ မဖြစ်သေးလို့ပါ။ ပုဂံယဉ်ကျေးမှု ဒေသတစ်ခုလုံးကို ရဟတ်ယာဉ်နဲ့ ပျံသန်းပြီး ခရီးသည်ကို ပြသခွင့်အတွက် ဒီရက်ပိုင်းလေးကပဲ တင်ပြထားတာ''ဟု လေကြောင်း ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ခရီးသည်များကို ရဟတ်ယာဉ်ဖြင့် ပုဂံဒေသတစ်ဝိုက် လှည့်လည်ပြသခြင်းတွင် သင့်တင့်သော ဈေးနှုန်း တစ်ရပ် ကောက်ခံရယူ သွားမည့် ပုံစံမျိုးဖြစ်ပြီး လေကြောင်းညွှန်ကြားမှု ဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီးဌာနများက စိစစ်မှုပြုလုပ်နေသည်ဟု သိရသည်။ ''ဥပမာပြောရရင် Ballon Over Bagan လိုမျိုးပေါ့။ မိုးပျံပူးဖောင်းတော့ မဟုတ်တော့ဘဲ ရဟတ်ယာဉ်နဲ့ ဖြစ်သွားတာပေါ့''ဟု ဦးဝင်းဆွေထွန်းက ပြောကြားသည်။
Ballon Over Bagan တွင် နာမည်ကြီး ပြည်တွင်းလုပ်ငန်းစု FMI က ၀င်ရောက်ပြီး ရှယ်ယာထည့်ဝင် ရင်းနှီးမြှုပ်နှံထားကာ ခရီးသည် ဆွဲဆောင်ရေး အစီအစဉ်များကို တိုးမြင့်မည်ဟု ကြေငြာချက် ထုတ်ပြန်ထားဖူးသည်။ ''ရဟတ်ယာဉ် ပျံသန်းတာဆိုတော့ လုံခြုံစိတ်ချရမှုတွေ၊ လေကြောင်း လုံခြုံရေးတွေ အတွက် ညှိနှိုင်းစရာတွေ ရှိသေးတယ်။ ဒါ့ကြောင့် စီစစ်မှုတွေ လုပ်နေတာ''ဟု ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ပုဂံယဉ်ကျေးမှု ဒေသသည် နိုင်ငံတကာက စိတ်ဝင်စားသော ခရီးစဉ် တစ်ခု ဖြစ်ပြီး ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု့ခွင့် ရပါက နိုင်ငံတကာ ခရီးသည်များကြား ပို၍ ရေပန်းစားလာဖွယ် ရှိနေသည်ဟု သိရသည်။

ပြည်မြန်မာ