အချုပ်ကျခံပြီး ရော်နယ်လ်ဒိုကို ပြေးဖက်လိုသေးသည့် ပရိသတ်

ပို့စ်တင်ချိန် - 8/16/2013 01:46:00 PM


နောက်တစ်ကြိမ် ထောင်ထဲတွင် အိပ်ရလျှင်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြေးဖက်ဦးမည်သာဖြစ်ကြောင်း အမေရိကန်မှ ဆယ်ကျော်သက် ဘောလုံးပရိသတ်လေး တစ်ဦးက ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားလိုက်သည် ။ အသက်(၁၉)နှစ်ရှိ ရိုနယ်လ်ဂီဂျိုကာသည် အမေရိကန်တွင် ကစားသည့် ရာသီကြို ခြေစမ်းပွဲ တစ်ခုတွင် ဘောလုံးကွင်းထဲ ပြေးဝင်လာပြီး ၎င်းချစ်ခင်လေးစားသည့် ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို ပွေ့ဖက်ခဲ့သည်။ ချယ်လ်ဆီးနှင့် ရီးယဲလ်မက်ဒရစ်တို့ ကစားသည့် အင်တာနေရှင်နယ် ချန်ပီယံဖလား ဗိုလ်လုပွဲတွင် ဂီဂျိုကာက ကွင်းထဲဝင်လာပြီး ရော်နယ်လ်ဒိုကို ပွေ့ဖက်ခဲ့သလို ရော်နယ်လ်ဒိုကလည်း ရင်းရင်းနှီးနှီးပင် စကားပြောခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က လုပ်ရပ်ကြောင့် ဂီဂျိုကာကို ဒေသခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အကျဉ်းထောင်ထဲတွင် ခေတ္တ ထိန်းသိမ်းထားခဲ့သည်။

ဂီဂျိုကာသည် အကျဉ်းခန်းထဲတွင် တစ်ညအိပ်ပြီးနောက် နောက်တစ်နေ့တွင် လွတ်မြောက်လာသည်။ ၎င်းက အခွင့်အရေး ထပ်ရလျှင်လည်း ထောင်အကျခံကာ ရော်နယ်လ်ဒိုကို ပြေးဖက်မည်သာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ "ရိုးရိုးသားသား ပြောရရင် ကွင်းထဲမှာ ကျွန်တော် ရော်နယ်လ်ဒိုကို ရှာကြည့်မယ်။ တွေ့ပြီဆိုတာနဲ့ သူ့ဆီ တန်းနေအောင် ပြေးသွားမှာပဲ။ ကျန်တဲ့ကိစ္စ နောက်မှရှင်းမယ်"ဟု ဂီဂျိုကာက ဆိုသည်။ ၎င်းက "ကျွန်တော်က သူ့ရှေ့မှာ ဒူးထောက်ပြီး လျှောချလိုက်သေးတယ်။ ဘောလုံးပွဲတွေမှာ ဂိုးသွင်းပြီးရင် သူကလည်း အဲဒီလို အောင်ပွဲခံတယ်လေ။ ကျွန်တော်က သူ့ပုံစံမျိုး လုပ်လိုက်တော့ ရော်နယ်လ်ဒိုက ရယ်တယ်ဗျ"ဟုလည်း တက်တက်ကြွကြွ ပြောကြားခဲ့သည်။

၎င်းက "ကျွန်တော် ရော်နယ်လ်ဒိုကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။ သူဟာ ကျွန်တော့်ဘဝမှာ အကြီးမားဆုံး စံပြုစရာ ပုဂ္ဂိုလ်ပါလို့လည်း ပြောပြခဲ့တယ်။ သူ့ကို အမြဲတမ်း လေးစားနေတဲ့အကြောင်းရောပေါ့။ ရဲတွေလာဖမ်းတော့ ဒီရဲတွေ ကျွန်တော့်ကို မဖမ်းအောင် ပြောပေးပါလို့တောင် အော်လိုက်မိသေးတယ်။ သူက ကျွန်တော့်ကို နွေးနွေးထွေးထွေး ပွေ့ဖက်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုနဲ့ ကျွန်တော် စကားပြောခွင့် ရခဲ့တယ်။ ဒါဟာ အင်မတန် ကြုံတောင့်ကြုံခဲလွန်းတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒါကို အရယူနိုင်မှတော့ အဖမ်းခံရတာလည်း တန်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။
planet