ပုသိမ်မြို့ ၀န်ကြီးချုပ်နှင့် အိမ်ချင်းကပ်လျက် တိုင်းလွှတ်တော်ဥက္ကဋ္ဌအိမ် ဖောက်ထွင်းခိုးယူခံရ

ပို့စ်တင်ချိန် - 8/16/2013 09:05:00 AM


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများအိမ်ရာ အတွင်းရှိ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သီရိပျံ ချီ ဦးတင်စိုး နေထိုင်သော နေအိမ်၌ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖောက်ထွင်းမှုတွင် စိန်ထည် ပစ္စည်းများ အပါအ၀င် အဖိုးတန် ပစ္စည်းများစွာ ခိုးယူခံခဲ့ရပြီး ၎င်းအမှုအား ပုသိမ်မြို့ အမှတ်(၂) ကိုးသိန်းရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရှိရသဖြင့် သွားရောက် စုံစမ်းရာ လူကြီးအမှု ဖြစ်သဖြင့် စခန်းမှူး ရဲအုပ် ဦးစိန်လင်းကိုယ်တိုင် ကိုင်တွယ်ထားကြောင်း၊ စခန်းမှူးက အဆိုပါအမှုအတွက် အခင်းဖြစ် နေရာသို့ သွားရောက် စစ်ဆေးနေပြီး ဖုန်းပိတ်ထားပါသဖြင့် စခန်းမှူး ပြန်ရောက်မှသာလျှင် ဆက်သွယ်ရန်နှင့် အမှုဖွင့်ထားသော (ပ)နံပါတ်နှင့် ပုဒ်မတို့အား စခန်းမှူးထံ ခွင့်ပြုချက် မယူရသေး၍ ထုတ်ပြန်၍ မရသေးကြောင်း တာဝန်ကျ ဒုရဲအုပ်တစ်ဦးက ပြောသည်။

၎င်းအမှုနှင့် စပ်လျဉ်း၍ နေ့စဉ်ထုတ် Daily Eleven သတင်းစာတွင် ပုသိမ်မြို့ အမှတ်(၂) ရဲစခန်း မှ (ပ) ၁၂၇/၁၃ ပြစ်မှု ပုဒ်မ ၃၈၁ ဖြင့် အဆိုပါနေအိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသူ မ.......၊ အသက် ၂၁ နှစ်၊ ဟင်္သာတမြို့နယ် နေသူအား ပုသိမ်မြို့၊ အမှတ် ၂ ရဲစခန်းတွင် တရားစွဲဆိုကာ အမှုမှန် ပေါ်ပေါက် ရေး အတွက် စစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ နေအိမ်၌ ကာလ တန်ကြေးအားဖြင့် ကျပ်သိန်း ၁၂၀ ကျော်ခန့် တန်ဖိုးရှိသော ရွှေနှင့် လက်ဝတ်ရတနာ ၁၇ မျိုးပျောက် ဆုံး ခဲ့ကြောင်း စသည်ဖြင့် ရေးသား ဖော်ပြထားသည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး နေအိမ်သည် သီတာလမ်း (တောင်ပေါ်လမ်း)နှင့် ပုသိမ်မုံရွာ လမ်းထောင့် ပုသိမ်လေဆိပ်အနီးရှိ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ အိမ်ရာဝင်း အတွင်းတွင် ရှိပြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အိမ်ချင်းကပ်ရှိကာ ၂၄ နာရီအပြည့် လုံခြုံရေး ၀န်ထမ်းများ ထားရှိသည့် အိမ်ရာဝင်း ဖြစ်သည်။ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ လက်ရှိ ခံစားလျက်ရှိသော တရားဝင်လစာမှာ မြန်မာငွေ ကျပ် ၆ သိန်းဖြစ်၍ ဆုံးရှုံးခဲ့သော ငွေကြေးကျပ်သိန်း ၁၂၀ အမှန်တကယ်ဖြစ်သည် ဆိုပါလျှင် လပေါင်း ၂၀ စာ လစာနှင့် ညီမျှပြီးယခင်က တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်(ငြိမ်း) သီရိပျံချီ ဦးတင်စိုး တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၍ တာဝန်ထမ်းဆောင်နေသည်မှာ တစ်နှစ် မပြည့်သေးကြောင်း သိရှိရသည်။

မြန်မာသံတော်ဆင့်