အစ္စလာမ် ဘာသာဝင်များ ဗုဒ္ဓဘာသာ ရဟန်းအပါး ၁ဝဝ ကျော်ကို ဆွမ်းကပ်

ပို့စ်တင်ချိန် - 8/16/2013 09:34:00 AM


အစ္စလာမ်ဘာသာဝင်တွေရဲ့ အီးဒ်နေ့အထိမ်းမှတ်အဖြစ် မန္တလေးမြို့ အစ္စလမ်ဘာသာရေးအဖွဲ့က ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ သံဃာတော်အပါး ၁ဝဝ ကို ဒီနေ့ နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။ ဒီပွဲကို ကြွရောက်ချီးမြှင့်ခဲ့တဲ့ ဆရာတော် ဦးတိက္ခဥာဏက RFA ကို ခုလို မိန့်ကြားပါတယ်။

“ဒီလိုအခမ်းအနားတွေလုပ်တာမှာ ဦးဇင်းတို့က တစ်ခုခုရည်ရွယ်ချက်ထားတာတော့မရှိပါဘူး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြာဟ္မစိုရ်တရားကို အဓိကထားပြီးတော့ လက်ကိုင်ထားတဲ့ သဘောမျိုးသာလျှင် ဦးဇင်းတို့ဒီမှာ ကြွရောက်ခြင်းဖြစ်ပါတယ်”

ဒီနေ့ နေ့ဆွမ်းကပ်လှူဒါန်းရခြင်းနဲ့ ပတ်သက်ပြီး မန္တလေးမြို့ အစ္စလာမ်ဘာသာရေးအဖွဲ့၊ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးနေဇော်လတ်က အခုလိုပြောပါတယ်။

“ဒီလိုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကတော့ ကျနော်တို့ဘာသာရဲ့ ပျော်ရွှင်ဖွယ်နေ့တစ်နေ့မှာ ကျန်တဲ့လူတွေကိုလည်း ပါဝင်စေချင်တာ ပျော်ရွှင်မှုကို မျှဝေစေချင်တဲ့ဆန္ဒပဲရှိတယ်၊ အဲဒီနောက်ကွယ်မှာ နောက်ထပ်ရည်ရွယ်ချက် ဘာမှမရှိဘူး၊ ကျနော်တို့ ဒီဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အယူကတော့ ဒါအစ္စလာမ်ဘာသာနဲ့လည်း မဆိုင်ဘူး၊ ကျနော်တို့က ဒါအုပ်စုတစ်စုရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်လာတယ်လို့ ခံယူပါတယ်”

အဲဒီ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို မန္တလေးမြို့က ဘာသာပေါင်းစုံခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
RFA Burmese