မေတ္တာစိမ့်စမ်း ဘေးမဲ့ဥယျာဉ်မှ တိရစ္ဆာန်များအား ကျွေးမွေးစောင့်ရှောက်ရန် အလှူရှင်များ ဖိတ်ခေါ်

ပို့စ်တင်ချိန် - 9/24/2013 08:40:00 PM


ရန်ကုန် စက်တင်ဘာလ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီး
ရေစကြို-ပခုက္ကူကားလမ်းဘေးတွင် ဘေးမဲ့ဥယျာဉ်အဖြစ်
ပြုစုစောင့် ရှောက်ထားသော တိရစ္ဆာန်များအား ကျွေးမွေးရန်အတွက် အလှူရှင်များအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
'အဲဒီ တိရစ္ဆာန်ဘေးမဲ့ဥယျာဉ်ကို မတည်အလှူရှင်များအဖြစ် ဦးကျော်ဇောနဲ့ဒေါ်ဥမ္မာသန်းတို့က မြေ ၁၅ ဧကပေါ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)က မတည်အလှူငွေ ကျပ် သိန်း ၃ဝ နဲ့ ၆ လက်မ အဝိစိစက်ရေတွင်း တစ်တွင်းလှူဒါန်းပေးခဲ့တာပါ။ စာရေးဆရာမကြီး(ဒေါ်)ခင်စောတင့်ကလည်း လစဉ် ကျပ်တစ်သိန်းပေးပို့လှူဒါန်းပါတယ်။ ဒါပေမယ့် တိရစ္ဆာန် ကောင်ရေက အရမ်းများလာတော့ နေ့စဉ်ကျွေးမွေးစရိတ်က တစ်နေ့ကို ကျပ် ရှစ်သောင်းကုန်ကျတာမို့ ရေရှည်ရပ်တည်ဖို့ အခက်အခဲဖြစ်နေ တာကြောင့် တတ်နိုင်သူများက ပေးပို့လှူဒါန်းကြဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်'ဟု အလှူရှင်တစ်ဦးက ပြောသည်။
တိရစ္ဆာန်ဘေးမဲ့ဥယျာဉ်ကို ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်က ဘေးမဲ့နွား ၁၄ ကောင်ကို လက်ခံစောင့်ရှောက်ပြီး စတင်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် တရုတ်သို့ပို့ရန်ခြံလှောင်ထားခဲ့သော ခွေးများကိုပါဘေးမဲ့
လာလွှတ်သောကြောင့် ခွေးကောင်ရေများပြားလာခြင်း၊ အခြားတိရစ္ဆာန်များကိုပါ ဘေးမဲ့လာလွှတ်ခြင်းကြောင့် နှစ်နှစ်အတွင်း တိရစ္ဆာန်များ အမျိုးအစားများပြားလာသလို တိရစ္ဆာန်ကောင်ရေပါ
များပြား လာသည်ဟု ဆိုပါသည်။
'ဒီကနေ့အထိ နွားကောင်ရေ ၂ဝဝ၊ ကျွဲ နှစ်ကောင်၊ မြင်းနှစ်ကောင်၊ ယုန် ၁၅ ကောင်၊ ဝက် ခုနစ်ကောင်၊ ဆိတ် ၁၈ ကောင်၊ အထီး အမ အင်္ဂါနှစ်ခုလုံးပါတဲ့ သိုးမဆန်း(ဆိတ်ခေါင်းနှင့်သိုးကိုယ်လုံးပါ သတ္တဝါ) တစ်ကောင်၊ ကြက်ကောင်ရေ ၁ဝဝ၊ ဘဲ ၁၅ ကောင်၊ ငန်း နှစ်ကောင်၊ လိပ် တစ်ကောင်နှင့် ခွေးကောင်ရေ ၇ဝ ရှိပါတယ်။ အင်မတန်ကိုက်တတ်တဲ့ခွေးတွေတောင်မှ ဒီခြံထဲရောက်တော့ မကိုက်တော့ဘဲ လိမ္မာသွား တာ တွေ့ရပါတယ်'' ဟု တိရစ္ဆာန်စောင့်ရှောက်ရေးတွင် လုပ်ကိုင်နေသူက ပြောသည်။
အဆိုပါ မေတ္တာစိမ့်စမ်းဘေးမဲ့ဥယျာဉ်သို့ ကူညီလှူဒါန်းလိုပါက ဦးကျော်ဇော+ဒေါ်ဥမ္မာသန်း ဖုန်း ဝ၉-၄၇၂၁၄ဝ၇၉ နှင့် ဝ၉-၄ဝ၁၅ဝ၂၄၁၆ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
UTA
Popular Myanmar News Journal