စာမေးပွဲစနစ် ပြင်ဆင်ရေး နိုင်ငံတကာ ပညာရှင်များနှင့် ဆွေးနွေးမည်

ပို့စ်တင်ချိန် - 9/24/2013 12:49:00 PM


ပညာရေးစနစ် နိမ့်ကျရခြင်း၏ အဓိက အကြောင်းအရင်းဟု ဝေဖန်နေကြသော စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ပညာရှင် ငါးဦးနှင့် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်တို့ ပူးပေါင်းကာ အောက်တိုလာလ ၂၀ ရက်နေ့ ရန်ကုန်မြို့တော်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဆွေးနွေးပွဲ တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း NLD ပညာရေး ကော်မတီဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံပညာ စာမေးပွဲစနစ်သည် အလွတ်ကျက် ဖြေဆိုရသောကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုပိုင်းဆိုင်ရာ အားနည်းမှုများ ဖြစ်လာကြောင်း၊ ယင်းကြောင့် စာမေးပွဲစနစ် ပြောင်းလဲရန် စကော့တလန် နိုင်ငံသားပညာရှင်၊ အမေရိကန်နိုင်ငံသား ပညာရှင်၊ အရှေ့ ဥရောပမှ ပညာရေး ကျွမ်းကျင် ပညာရှင်၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့မှ ပညာရှင်ငါးဦး လာရောက် ဆွေးနွေးရန် ဖိတ်ခေါ် ထားကြောင်း ၎င်းကပြောဆိုသည်။

နိုင်ငံတကာ ပညာရှင်များ၏ ဆွေးနွေး အကြံပြုချက်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင် ပြောင်းလဲရေး ညီလာခံမှ ထွက်ရှိသည့် အမျိုးသား ပညာရေး မူကြမ်းတွင် အသေးစိတ် ထည့်သွင်းသွားရန် ရှိကြောင်း၊ ယင်းအပြင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့မှ မြန်မာ့ပညာရေး စစ်တမ်းပြုလုပ်ဖူးသူ ပညာရှင်တစ်ဦးကလည်း ၎င်း၏ အတွေ့အကြုံများကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင် စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ပြင်ဆင်ရန် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

NLD ပါတီက ဦးဆောင် ရေးဆွဲနေသည့် အမျိုးသားပညာရေး ဥပဒေ မူဝါဒ (မူကြမ်း) ကို ယခုနှစ် ဇွန်လကုန်တွင် ပြည်သူ့လွှတ်တော်၊ ပညာရေး မြှင့်တင်မှု ကော်မတီသို့ တင်သွင်းခဲ့ပြီး နိုင်ငံတော် သမ္မတကိုယ်တိုင် ယင်းမူကြမ်းရေးဆွဲသူများ ခေါ်ယူ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း အဆိုပါ ညီလာခံ ကျင်းပသူများက ပြောကြား ထားသည်။
The Voice Weekly