အုပ်စုဖွဲ့ဆိုင်ကယ်ခိုးယူသည့်အဖွဲ့အား နေပြည်တော်ရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 9/10/2013 11:05:00 AM


နေပြည်တော်  စက်တင်ဘာ  ၉

နေပြည်တော်ကောင်စီနယ်မြေ အတွင်း ဆိုင်ကယ်ခိုးယူပျောက်ဆုံးမှု များ မကြာခဏ ဖြစ်ပွားနေ သဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှူး၏ စီမံ ကြီးကြပ်မှုဖြင့် နေပြည်တော်ရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူတပ်စုမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေရဲတပ်ဖွဲ့ဝင် များ  ပူးပေါင်းပြီး  အဖွဲ့ငယ်များ ဖွဲ့စည်း၍    စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီခန့်တွင်      ဆိုင်ကယ်ခိုးမှုများ အုပ်စုဖွဲ့    ကျူးလွန်လေ့ရှိကြောင်း သတင်းကျော်စောနေသော မင်းမင်း (ခ)ကိုမင်း ရုံးပင်စောင်းကျေးရွာ ဇေယျာသီရိမြို့နယ်နေ သူပါ ခြောက်ဦး သည် ပျဉ်းမနားမြို့ ရန်ကုန်-မန္တလေး လမ်းနှင့် ပေါင်းလောင်း (၃) ချယ်ရီ လမ်းထောင့်ရှိ လမ်းဘေးထမင်းဆိုင် တွင်   ရောက်ရှိစုဝေးနေကြောင်း သတင်းရရှိသဖြင့်   နေပြည်တော် ရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူ တပ်စုက ရဲအုပ်သောင်းလွင် ဦးစီး အဖွဲ့သည် နယ်မြေခံရဲတပ်ဖွဲ့နှင့်အတူ ဝင်ရောက်ဖမ်းဆီးရာ  မင်းမင်းနှင့် အဖွဲ့က ပြန်လည်ခုခံထွက်ပြေးသဖြင့် မင်းမင်း(ခ) ကိုမင်းနှင့် စိုးသူ(၁၉)နှစ် ရုံးပင်စောင်းကျေးရွာ၊  ထွန်းလင်း အောင်(၁၈)နှစ်  ပိတောက်လမ်း အောင်သာယာ ရပ်   ပုဗ္ဗသီရိမြို့နယ် နေသူတို့အား ကမ်ဘို ၁၁၀ အမျိုး အစားဆိုင်ကယ် တစ်စီး၊ လော့ဂျား ၁၁၀  အမျိုးအစား  အနက်ရောင် ဆိုင်ကယ်တစ်စီး၊ ဟွာဝေးအမျိုးအစား လက်ကိုင်ဖုန်း  တစ်လုံး၊ ဖီးလစ် အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံး တို့နှင့် အတူ သိမ်းဆည်းရမိခဲ့ပြီး သုံးဦး လွတ်မြောက်သွားခဲ့သည်။ သိမ်းဆည်း ရမိပစ္စည်းများနှင့်   ပတ်သက်၍ ပိုင်ဆိုင်ကြောင်း ခိုင်မာစွာအထောက် အထားပြနိုင်ခြင်း  မရှိသည်ကို   စစ်ဆေးတွေ့ရှိရသဖြင့်  မင်းမင်း(ခ) ကိုမင်းပါ  သုံးဦး အား ပျဉ်းမနားမြို့မ ရဲစခန်းတွင် ပထမ သတင်းပေးအမှတ် (ပ) ၅၄၉/၂၀၁၃၊ ပြစ်မှုပုဒ် ၃၈၀/ ကျင့် ၅၄၊ (ပ) ၅၅၀/ ၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် ဖမ်းဆီး အရေးယူစစ်ဆေးခဲ့ရာ ၎င်းတို့ခိုးယူ ခဲ့သော  ဆိုင်ကယ်ငါးစီး  ထပ်မံ သိမ်းဆည်းရမိသဖြင့်   စုစုပေါင်း ခုနစ်စီး သိမ်းဆည်းရမိခဲ့သည်။

အလားတူ အဆိုပါနေ့ ညနေ ၅ နာရီတွင်   ပျဉ်းမနားမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင်   ဒုရဲအုပ် မင်းကိုထွေး ဦးစီးသောအဖွဲ့မှ မင်းမင်း (ခ) ကိုမင်းနှင့် ဆက်စပ်သော ဆိုင် ကယ်ခိုးမှုကျူးလွန်သူများ ပျဉ်းမနားမြို့ ပေါင်းလောင်း (၃)ရပ်ကွက် ရာဇဌာနီ ကားဝင်းအတွင်း  စုဝေးနေကြောင်း သတင်းအရ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီး ရာ နေမျိုးဝင်း (၂၀)နှစ် ရုံးပင်စောင်း ရွာ လယ်ဝေးမြို့နယ်နှင့် ကိုမျိုး(ခ)မျိုးသန့်လွင် (၂၂)နှစ် ရုံးပင်စောင်းရွာ လယ်ဝေးမြို့နယ်တို့အား နံပါတ်မပါ လော့ဂျား ၁၁၀ အနက်ရောင်ဆိုင်ကယ် တစ်စီးနှင့်အတူ   ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ     ၎င်းတို့အနေဖြင့် ဆိုင်ကယ်ပိုင်ဆိုင်မှုကို ခိုင်လုံစွာ ပြသ နိုင်ခြင်းမရှိသဖြင့်  ပျဉ်းမနားမြို့မ ရဲစခန်းက (ပ) ၅၅၁/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ရာ  ၎င်းတို့ခိုးယူခဲ့သော ဆိုင်ကယ်ရှစ်စီး ထပ်မံဖော်ထုတ်သိမ်း ဆည်းရမိခဲ့သဖြင့် ဆိုင်ကယ်စုစုပေါင်း ကိုးစီးရမိခဲ့ကြောင်း၊   အုပ်စုဖွဲ့၍ ဆိုင်ကယ်ခိုးလေ့ရှိသော မင်းမင်း(ခ) ကိုမင်းပါအဖွဲ့ အား   နေပြည်တော် ရဲတပ်ဖွဲ့နှင့် ပျဉ်းမနားရဲစခန်း တပ်ဖွဲ့ ဝင်များက ဆိုင်ကယ်စုစုပေါင်း ၁၇ စီး သိမ်းဆည်းဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းတို့အား ထပ်မံစစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း   သိရ   သည်။ ဇန်နဝါရီလ ၁ ရက် မှ ယနေ့ ထိ နေပြည်တော်ကောင်စီနယ်မြေအတွင်း   ဆိုင်ကယ်ခိုးယူ ပျောက်ဆုံးမှု ၉၉ မှုမှ ဆိုင်ကယ်စီးရေ ၁၁၅ စီး တရားခံ ၆၈ ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မင်းမင်းလတ် (မန်းတက္ကသိုလ်)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း