အရှုံးပြကုမ္ပဏီများကို အခွန်ဘုတ်အဖွဲ့စစ်ဆေးမည်

ပို့စ်တင်ချိန် - 9/10/2013 08:38:00 AM

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် အရှုံးပြကုမ္ပဏီများ၏ စာရင်းများကို အမှန်တကယ် လုပ်ငန်းရှုံးခြင်းမဟုတ်ဘဲ အခွန်တိမ်းရှောင်လိုခြင်းနှင့် အခြားသော ရည်ရွယ်ချက်များရှိ၊ မရှိ စက်တင်ဘာလအတွင်း စတင်စစ်ဆေးမည် ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က The Voice သို့ ပြောကြားသည်။

ယင်းသို့စစ်ဆေးမှုတွင် အကြီးစားကုမ္ပဏီအချို့နှင့် အလတ်စားကုမ္ပဏီအချို့ ကိုကနဦး စိစစ်မည် ဖြစ်ကြောင်းနှင့် အဖွဲ့ဝင်ငါးဦးပါ စစ်ဆေးရေးအဖွဲ့ ၁၀ ဖွဲ့က စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကုမ္ပဏီ အကြီးကြီးတွေထဲက တချို့နဲ့ အလတ်စား ကုမ္ပဏီတွေက တချို့ကို အရင်ဆုံး စစ်လိုက်မယ်။ ဒါဆို ကျန်တဲ့ကုမ္ပဏီတွေလည်း စာရင်းအမှန်တွေ ပြလာလိမ့်မယ်” ဟု ၎င်းကဆိုသည်။

အမှန်တကယ် လုပ်ငန်းဆုံးရှုံးခြင်း မဟုတ်ဘဲ အခွန်တိမ်းရှောင်လို၍ လုပ်ငန်း အရှုံးပြပါက ပြဋ္ဌာန်းဥပဒေများအတိုင်း အရေးယူမည် ဖြစ်ကြောင်း အခွန်ဘုတ်အဖွဲ့၏ တွဲဖက်အတွင်းရေးမှူးက ပြောကြားသည်။

ပြဋ္ဌာန်းဥပဒေများအရ အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်ရန် ပျက်ကွက်သည့် အခွန်ပမာဏနှင့် ယင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းကို ပြစ်ဒဏ်အဖြစ် ထပ်ဆောင်းပေးဆောင်ရမည် ဖြစ်သည်။

ကုမ္ပဏီသက်တမ်းကို ငါးနှစ်သတ်မှတ်လိုက်ခြင်းကြောင့် အခွန်တိမ်းရှောင်လိုသည့် လုပ်ငန်းများသည် ကုမ္ပဏီသက်တမ်း မတိုးမီ ဖျက်သိမ်းသွားသည့်အတွက် နိုင်ငံ့အခွန်ဘဏ္ဍာ နစ်နာမှု မရှိစေရန် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကောက်ခံရခြင်း ဖြစ်ကြောင်း ဇူလိုင်လ အတွင်းက ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားထားသည်။

ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း၊ အကောက်ခွန် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းတို့ကို တပေါင်းတည်း ပေးဆောင်နေရသည့်အတွက် အခွန်ဝန်ပိမှုများ ရှိနေပြီး အခက် အခဲတချို့ ဖြစ်ရကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက ဆိုသည်။

အခွန်ကောက်ခံရာတွင် အခွန်ထမ်းများ ပေးဆောင်နိုင်သော သင့်တင့်မျှတသည့် အခွန်နှုန်းထား ဖြစ်ရန်နှင့် ယခုလက်ရှိ ကောက်ခံနေသည့် ဝင်ငွေခွန်နှုန်းထား သတ်မှတ်ချက်ကို မြှင့်၍ကောက်ခံ စေလိုကြောင်း လုပ်ငန်းရှင်များက တောင်းဆိုထားသည်။

အခွန်နှုန်းနည်းနည်းနှင့် အခွန်ကောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံလိုသည့်အတွက် ယခုလက်ရှိ ကောက်ခံနေသည့် အခွန်နှုန်းထား အတိုင်း ကောက်ခံနေခြင်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲများတွင် ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြန်လည် ဖြေကြားထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အခွန်ကောက်ခံ ရရှိမှုသည် တစ်နှစ်ထက်တစ်နှစ် များပြားလာသော်လည်း တရားမဝင် ကုန်သွယ်မှုနှင့် အခွန်တိမ်းရှောင်မှုများလည်း အများအပြား ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။
The Voice Weekly