လုံခြုံရေးအားနည်းချက်ကို တွေ့ရှိခဲ့သည့် ဟက်ကာအား #Microsoft မှ ကန်ဒေါ်လာ တစ်သိန်းဆုချ

ပို့စ်တင်ချိန် - 10/11/2013 01:22:00 PM


အောင်မင်း ဘာသာပြန်သည်။

နာမည်ကျော်နည်းပညာကုမ္ပဏီ မိုက်ကရိုဆော့ဖ်၏ ဆော့ဖ်ဝဲမှ လုံခြုံရေးအားနည်းချက်များကို တွေ့ရှိခဲ့သည့် နာမည်ကြီး ဗြိတိန် ဟက်ကာတစ်ဦးအား ကန်ဒေါ်လာ ၁၀၀,၀၀၀ ခန့်ဆုချခဲ့ပြီး ယင်းမှာကုမ္ပဏီ၏ အကြီးဆုံး ဆုကြေးငွေဖြစ်သည်။

ကုမ္ပဏီအနေဖြင့် တော်တော်များများက မျှော်လင့်ထားသကဲ့သို့ အဆင့်မြှင့်ထားသော Internet Explorer (IE) ကိုလည်း ထုတ်လုပ်ခဲ့သည်။ IE တွင် ပါရှိသော bug အား ပြင်ဆင်ခဲ့ပြီး ယင်းမှာ #Browser အသုံးပြု သူများအား အဝေးမှတိုက်ခိုက်နိုင်စေသော အရာဖြစ်သည်။

ဗြိတိန်အကျိုးဆောင် အကြံပေးကုမ္ပဏီတစ်ခုဖြစ်သော Context Information Security မှ အန္တရာယ်ရှိနိုင်ချေများအား သုတေသနပြုလုပ်နေသည့် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ James #Forshaw မှာ Windows အား အသုံးချကာ အမြတ်ထုတ်သည့် နည်းလမ်းသစ်တစ်ခုအား အတည်ပြုနိုင်သည့်အတွက် မိုက်ကရိုဆော့၏ ဒေါ်လာ ၁၀၀,၀၀၀ တန် ဆုကြေးအား ပထမဆုံး ရရှိခဲ့သူဖြစ်လာခဲ့သည်။ ၎င်း၏တွေ့ရှိချက်မှာ တိုက်ခိုက်မှုတစ်ခုလုံးအား ခုခံကာကွယ်နိုင်စေမည်ဖြစ်သည်ဟု မိုက်ကရိုဆော့ဖ်ကုမ္ပဏီက ပြောကြားခဲ့ သည်။

Forshaw မှာ ရည်ရွယ်ချက်ကောင်းများအတွက် ထိုးဖောက်ဝင်ရောက်ကာ ယင်းအတွက် ဆုကြေးငွေများရယူသည့် White Hat ဟက်ကာများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ #Apple နှင့် #Facebook တို့ကဲ့သို့သော ကုမ္ပဏီများတွင် ၎င်းတို့၏ ၀က်ဘ်ဆိုဒ်များ၌ အဆိုပါဟက်ကာများအား အသိမှတ်ပြုထားသော hall of fame pages များ ထားရှိထားပြီး ကုမ္ပဏီများမှ ၎င်းတို့အား အခကြေးငွေပင် ပေးထားသည်။

Forshaw အနေဖြင့် မိုက်ကရိုဆော့ဖ်၏ IE 11 မှ လုံခြုံရေး bug များအား အတည်ပြုနိုင်သည့်အတွက် ကန်ဒေါ်လာ ၉၄၀၀ တန်သည့် အခြားဆု တစ်ဆုကိုလည်း ရရှိဦးမည်ဖြစ်သည်ဟု မိုက်ကရိုဆော့ဖ်၏ လုံခြုံရေးတုံ့ပြန်မှု စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

“ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်းမှာ လုံခြုံရေးတိုးမြင့်လာရေးနှင့် သုတေသနလုပ်ငန်းတွေအတွက် အလုပ်လုပ်ခဲ့ပါတယ်။ ရှုပ်ထွေးတဲ့ logic bug တွေပေါ်မှာ မှီခိုပြီးတော့ လုံခြုံရေးအရ အန္တရာယ်ပေးနိုင်တဲ့ အရာတော်တော်များများကို စိတ်ဝင်စားစွာ တွေ့ရှိခဲ့ရပါတယ်”ဟု Forshaw က ပြောကြားလိုက်သည်။

ရှုပ်ထွေးဆန်းပြားသည့် နည်းလမ်းများအား အသုံးပြုသည့် တိုက်ခိုက်သူများ ရန်မှ ကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် မိုက်ကရိုဆော့ဖ်မှ လွန်ခဲ့သောလေးလတွင် Forshaw ကဲ့သို့ လုံခြုံရေးပိုင်း အားနည်းချက်များကို တွေ့ရှိသည့် white hat ဟက်ကာများအား ဆုပေးသည့် အစီအစဉ်အား စတင်ခဲ့သည်။
Mizzima - News in Burmese