လျော်ကြေး မယူသည့် မြေများပေါ်တွင် ရဲကင်းများ တည်ဆောက်ခြင်း၊ သံဆူးကြိုး ကာရံခြင်းတို့အား ကန့်ကွက်သည့် အနေဖြင့် ၀က်မှေးကျေးရွာ ဒေသခံများ ဆန္ဒပြ

ပို့စ်တင်ချိန် - 10/11/2013 11:53:00 AM



အောက်တိုဘာ ၁၀ ရက်က ၀က်မှေးကျေးရွာ ဒေသခံများ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
နိုဝင်ဘာ ၂၉ ရက် ဆန္ဒပြသူများကို ဖြိုခွင်းမှုအပြီး ပထမဆုံးအကြိမ် ဆန္ဒပြသော ၀က်မှေးဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အောက်တိုဘာ ၁၀ ရက် နေ့လယ်တွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ကာ တစ်ဖက်နှင့် တစ်ဖက် စကားပြောရခြင်း၊ သံဃာတော်များနှင့် နယ်လုံဝန်ကြီး ဦးကြည်နိုင်တို့က တင်းမာမှုများ ဖြေလျှော့ ပေးခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ဆန္ဒပြ တောင်သူများသည် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ၀က်မှေးရွာဟောင်းမှ ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းမပေါ်ရှိ လက်ပံတောင်းတောင် မြောက်ဘက် ရန်အောင်မြင် စေတီအနီး တံတားအထိ ဆန္ဒပြခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ၀မ်ပေါင်ရုံးသို့ သွားရာလမ်းသို့ပိတ်ကာ ရန်အောင်မြင်စေတီ အနီးတွင်စောင့်ကာ ပိတ်ဆို့ထား ကြကြောင်း သိရသည်။
ဝက်မှေးကျေးရွာဟောင်းသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဆန္ဒပြ သပိတ်စခန်းအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းပြီးနောက် ဆန္ဒပြမှုများ မရှိတော့ဘဲ ယခု အောက်တိုဘာ ၁၀ ရက်တွင် ပထမဆုံး အကြိမ် ဆန္ဒပြခြင်း ဖြစ်ကြောင်း ၀က်မှေးကျေးရွာ ဒေသခံများက ပြောပြသည်။
ဝက်မှေးကျေးရွာမှ ကိုအောင်ဇော်ဦးက ''၀က်မှေးကျေးရွာ အနေနဲ့ စုံစမ်းရေးအဖွဲ့နဲ့ ဖော်ဆောင်ရေး အဖွဲ့တို့ အကောင်အထည်ဖော် ဆောင်ရွက်နေချိန်မှာ လေးစားမှုကို ပြသတဲ့ အနေနဲ့ ဆန္ဒပြတာတွေ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအခါမှာ ဒေသခံ တောင်သူတွေရဲ့ သဘောမတူဘဲနဲ့ လျော်ကြေးမယူတဲ့ မြေယာပေါ်မှာ ရဲကင်းဆောက်တာတွေ၊ သံဆူးကြိုး ကာတာတွေ လုပ်ခဲ့ပြီး သွားတားပေမယ့် မရခဲ့တဲ့အပြင် ဆည်တည်းရွာသစ်က ဆက်ဆံရေးရုံးကို သွားညှိလည်း မရခဲ့လို့ ဆန္ဒပြရတာ ဖြစ်ပါတယ်'' ဟူ၍ ဆန္ဒပြရခြင်း အကြောင်းရင်းကို ရှင်းပြသည်။
ဆန္ဒပြရာတွင် တောင်သူလယ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ လျော်ကြေး မယူသည့် လယ်ယာမြေပေါ်တွင် အဆောက်အအုံ မဆောက်လုပ်ရေး၊ လယ်ယာမြေ အငြင်းပွားမှု ဖြေရှင်းမပြီးမချင်း စီမံကိန်း ရပ်ဆိုင်းထားရေး၊ မီးလောင်ဗုံး တရားခံများ အမြန်ဆုံး ဖော်ထုတ်ပေးရေး စသည့် အချက် (၄) ချက်ကို တောင်းဆို ဆန္ဒပြခဲ့ကြသည်။
ဝက်မှေးကျေးရွာ အနေနဲ့ စုံစမ်းရေးအဖွဲ့နဲ့ ဖော်ဆောင်ရေး အဖွဲ့တို့ အကောင်အထည်ဖော် ဆောင်ရွက်နေချိန်မှာ လေးစားမှုကို ပြသတဲ့ အနေနဲ့ ဆန္ဒပြတာတွေ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအခါမှာ ဒေသခံ တောင်သူတွေရဲ့ သဘောမတူဘဲနဲ့ လျော်ကြေးမယူတဲ့ မြေယာပေါ်မှာ ရဲကင်းဆောက်တာတွေ၊ သံဆူးကြိုး ကာတာတွေ လုပ်ခဲ့ပြီး သွားတားပေမယ့် မရခဲ့တဲ့အပြင် ဆည်တည်းရွာသစ်က ဆက်ဆံရေးရုံးကို သွားညှိလည်း မရခဲ့လို့ ဆန္ဒပြရတာ ဖြစ်ပါတယ်...

''လက်ပံတောင်းတောင် စီမံကိန်းကို ဒေသခံတွေနဲ့ အပြေအလည် ဆွေးနွေးခြင်း မရှိဘဲ ဒေသခံတွေကို အာဏာသုံး ခြောက်လှန့်ပြီး စတင်ဆောင်ရွက်တာကို ဒေသခံတွေအနေနဲ့ လုံးဝ ကန့်ကွက်ပါတယ်။ ဒေသခံတွေရဲ့ ကျန်းမာရေး လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စတဲ့လုပ်ငန်းတွေ တိကျခိုင်မာ မှုလည်း မရှိသေးဘူး။ လျော်ကြေးမယူတဲ့ မြေယာပေါ် ကျူးကျော်ဝင်ရောက် ဖျက်ဆီးနေတာတွေကို ကန့်ကွက်ပါတယ်။ လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး အရေးယူခံရသူတွေ၊ ဖမ်းဆီးတာတွေကို လုံးဝကန့်ကွက်ပါတယ်။ လယ်ယာမြေ ဥပဒေ အပိုဒ် ၆၇ က -၁ ကို ၀မ်ပေါင်နဲ့ ဦးပိုင်တို့က ချိုးဖောက်နေလို့ တရားဥပဒေကို လေးစားလိုက်နာမှု မရှိလို့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ဒါတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ဖော်ဆောင်ရေး ကော်မတီက ချိုးဖောက်နေတာ ကိုလည်း ကန့်ကွက်ပါတယ်။ လက်ပံတောင်းတောင်မှာ တာဝန်ကျနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထု ဘက်နဲ့ အမှန်တရားဘက်သို့ ရပ်တည်ခြင်း မရှိဘဲ ဦးပိုင်နဲ့ဝမ်ပေါင် ကုမ္ပဏီအပေါ် မမှန်မကန် ရပ်တည်ပေးနေခြင်းအပေါ် ဒေသခံ တောင်သူလူထု အားလုံးက ကန့်ကွက်ပါတယ်'' ဟူ၍ အောက်တိုဘာ ၁၀ ရက် ဆန္ဒပြရာတွင် ပါဝင်သော တောင်သူတစ်ဦးက ပြောပြသည်။
ဆန္ဒပြရာတွင် ခွင့်ပြုချိန်ကို နာရီ ၁၀၀၀ မှ ၁၂၀၀ အထိဟု ဒေသခံများသို့ ဒေသအာဏာပိုင်များက အကြောင်းပြန်စာ ခွင့်ပြုရာတွင် ရေးသားခဲ့သောကြောင့် ဒေသခံ တောင်သူများက ခွင့်ပြုချိန်အား နားလည်မှုမှားကာ ဆက်လက် ဆန္ဒပြနေသောကြောင့် နှစ်ဖက် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ခွင့်ပြုချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အရောက်တွင် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဦးတင်ထွန်းက မီဒီယာများ ခေါ်ယူရှင်းလင်းကာ ဒေသခံ တောင်သူများ ဆန္ဒပြချိန်စေ့၍ ရုပ်သိမ်းပေးရန် တောင်းဆိုကာ မရုပ်သိမ်းပါက တရားဥပဒေအရ ဖြေရှင်းမည်ဟု သတိပေးခဲ့ပြီး ဒေသခံတောင်သူများကို စောင့်ရှောက်ရန် ကြွလာသော သံဃာတော်များနှင့် ဆွေးနွေးခဲ့ရပြီး ဆွေးနွေးချိန်တွင် ရဲမေများ ရောက်လာခြင်း၊ အချုပ်ကားများကို ဆန္ဒပြ တောင်သူများ ရှိရာသို့ တိုးလာခြင်း၊ လုံခြုံရေးဝတ်စုံ အပြည့်ဖြင့် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများ၊ တုတ်များဖြင့် ရိုက်နှက် ခြောက်လှန့်ကာ ရှေ့တိုးလာခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် နယ်လုံဝန်ကြီး ဦးတင်ထွန်းက ဒေသခံများကို နှစ်သိမ့်ပြောဆိုကာ ဖြေလျှော့ပေးခြင်း တို့ကြောင့် ဆန္ဒပြ တောင်သူများ ၀က်မှေးကျေးရွာ ဟောင်းသို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂ ရက်ကလည်း လက်ပံတောင်း တောင်ခြေတွင် ရဲကင်းဆောက်ရာမှ ၀က်မှေးရွာဟောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ တင်းမာမှု ဖြစ်ခဲ့သည်။
''စက်တင်ဘာ လကုန်ကစပြီး ၀က်မှေးရွာဟောင်း အနောက်ဘက် လက်ပံတောင်းတောင် တောင်ခြေမှာ ရဲတပ်ဖွဲ့အင်အား ၁၀၀ နဲ့ ရဲမေ ၁၂ ယောက်လောက်နဲ့ လုံခြုံရေး ချထားပြီး ရဲကင်းတွေ ဆောက်ဖို့ ကြိုးစားလာပါတယ်။ မြေယာလျော်ကြေးက ၀က်မှေးမှာ မယူသလောက် နီးပါးဖြစ်လို့ ရွာသားတွေက အင်အား ၃၀ လောက်နဲ့ သွားတားရာကနေ တင်းမာမှု ဖြစ်ပေါ်ခဲ့ပါတယ်။ တောင်ခြေက ယာတွေမှာ မဆောက်ဖို့ ပြောခဲ့ပါတယ်။ နောက်တော့ ညနေ ၄ နာရီဝန်းကျင်မှာ နှစ်ဖက် သဘောတူညီမှုနဲ့ ပြန်လှည့်ကြပါတယ်။ သူတို့က တကယ်မပြန်ခဲ့ဘဲ ကျွန်တော်တို့ အပြန်မှာ ဆက်ပြီးဆောက်ဖို့ လာတယ်လို့ နောက်မှသိရတယ်။ ၀က်မှေးရွာသားတွေက အထက်လူကြီးတွေကို တင်ပြဖို့ ဇီးတော-ဆည်တည်းရွာသစ်က ဆက်ဆံရေးရုံးမှာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းရော၊ နယ်လုံဝန်ကြီး ဦးကြည်နိုင်တို့ကို ရဲကင်းတွေ ယာထဲ မဆောက်ဖို့ ပြောရာမှာ နိုင်ငံတော်အဆင့်က လုပ်လို့ တားမပေးနိုင်တဲ့သဘော ပြောပါတယ်။ ကျွန်တော်တို့လည်း ပြန်လာတော့ ရွာဘက်မှာ ညနေပိုင်း ရဲကင်းတွေ ဆက်ဆောက်တယ် လို့တော့ သိရတယ်'' ဟူ၍ ၀က်မှေးရွာဟောင်းမှ ကိုမြင့်ဦးက ပြောပြသည်။
8.1.1
အောက်တိုဘာ ၁၀ ရက်က ၀က်မှေးကျေးရွာ ဒေသခံများ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
''လက်ပံတောင်းတောင် ၀န်းကျင်မှာ လုံခြုံရေး ရဲအင်အားတွေ အလုံးအရင်း အသုံးပြုပြီး မြန်မာဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာစီးပွားရေး ဦးပိုင်တို့က ရဲကင်းတွေ တည်ဆောက်သလို သံဆူးကြိုးတွေလည်း ကာရံလာပါတယ်။ ရဲကင်းတွေ တည်ဆောက်ပြီး သံဆူးကြိုးတွေ ခတ်ရာမှာ အထူးသဖြင့် ဒေသခံ တောင်သူတွေနဲ့ အရင်က ပဋိပက္ခ မကြာခဏ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ဦးစားပေး တည်ဆောက်ပါတယ်။ ဆည်တည်းနဲ့  မိုးကြိုးပြင် ရွာသူရွာသားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ လိပ်ခွံတောင်ပေါ်မှာလည်း ရဲကင်းတွေ ဦးစားပေး တည်ဆောက်ပြီး ဖြတ်သန်းသွားလာတဲ့ တောင်သူတွေရော ဒေသခံတွေရော ငါးဦးထက်ပိုပြီး အတူမသွားရဘူး လို့တော့ ပြောသံကြားတယ်။ ၀က်မှေးရွာဟောင်း ကျော်ရွာဂိတ်နဲ့ နီးတဲ့နေရာတွေမှာ သံဖရိန်နဲ့ တည်ဆောက်တဲ့ ရဲကင်းတွေ ရှိသလို ရွက်ဖျင်တဲ ရဲကင်းတွေလည်း များတယ်။ နွားကျောင်းသားတွေ တောင်ပေါ်မှာ မျစ်ရှာ ဆူးပုပ်ရွက် ခူးသူတွေကို နွားကျောင်း ဆိတ် သိုးကျောင်းရင်း မျစ်ရှာရင်း တက်ရာမှာ တစ်ခါတလေ ခွင့်ပြုပြီး တစ်ခါတလေ ရဲကင်းတွေက စစ်မေးပြီး တားပါတယ်။ လယ်တီဆရာတော်ကြီး တရားအားထုတ်ခဲ့တဲ့ အောင်မြေ လယ်တီသိမ်ဆိုတဲ့ အဆောက်အအုံကလည်း လက်ပံတောင်းတောင် လုပ်ငန်းခွင် ချိုင့်ဝှမ်းထဲမှာ ကျန်ခဲ့တော့ ဘယ်သူမှ မသွားရဲကြဘူး။ အခု လောလောဆယ် ရက်ပိုင်းအတွင်းမှာ လက်ပံတောင်းတောင်မှာ ဖြစ်နေတဲ့ ပြဿနာက ရွာတွေက ရဲကင်းဆောက်တာ သံဆူးကြိုးတွေ ကာတာတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုရင်း အာဏာပိုင်တွေက အထက်ကို တင်ပြပေးမယ်ပြောပြီး တိကျရေရာတဲ့ အဖြေမရတာ ပါပဲ'' ဟူ၍ လက်ပံတောင်းတောင် ဒေသခံ တောင်သူတစ်ဦးက ပြောပြသည်။
လက်ပံတောင်းတောင် အရှေ့ဘက်ရှိ ၀က်မှေးကျေးရွာအနီး လျော်ကြေး မယူထားသော မြေယာများတွင် ရဲကင်းမဆောက်ရန်၊ သံဆူးကြိုး မကာရံ စေရန်အတွက် အကြိမ်ကြိမ် တားမြစ်ခဲ့ပြီး ပြေလည်မှု မရရှိဘဲ အောက်တိုဘာ ၁၀ ရက်တွင် ယခုလို ဆန္ဒပြရခြင်း ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက်က ဆွေးနွေးရာတွင် ပါဝင်သော ၀က်မှေးရွာဟောင်း ဆရာတော် ဦးဝိစိတ္တက ''လူကြီးတွေနဲ့ တွေ့ပြီး တောင်းဆိုရာမှာ ရွာမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မရွှေ့ပြောင်းရတဲ့ ရွာတွေ အေးအေးချမ်းချမ်း နေထိုင်ရေးကို တောင်းဆိုခဲ့ပါတယ်။ အကြောင်းပြန် တာကတော့ အထက်ကို တင်ပြပေးမယ်လို့ပဲ ပြောတာပဲ'' ဟူ ၍ မိန့်ကြားခဲ့သည်။
eleven media group