အနည်းဆုံးလုပ်ခကို အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ပေးရန် တောင်းဆို

ပို့စ်တင်ချိန် - 10/11/2013 01:43:00 PM


ရန်ကုန်၊ အောက်တိုဘာ ၁၀

ခေါင်းစဉ်အမျိုးမျိုး ကွဲပြားစွာ ပေါင်းစု သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကို အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ပေးရန် အလုပ်သမား အများစု တောင်းဆိုခဲ့ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသားကော်မတီတွင် လုပ်သား ကိုယ်စားလှယ်အဖြစ် လျာထားခံရသူ ဦးနော်အောင်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမား ကိုယ်စားလှယ် ၄၀၀ ဝန်းကျင်ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမတွင် အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပသည့် အခမ်းအနား၌ လုပ်သား အများစုက ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် လုပ်ခဆိုသည့် ခေါင်းစဉ်တွင် အချိန်ပိုကြေး၊ အပိုဆုကြေး၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သည့် အခြားငွေနှင့် အကျိုးခံစားခွင့်များ ပါဝင်ကြောင်း၊ အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြထားသဖြင့် အနည်းဆုံးလုပ်ခ သတ်မှတ်ချက်တွင် အဆိုပါ ခေါင်းစဉ် ခွဲများကို မထည့်သွင်းဘဲ အခြေခံ လုပ်အားခ အဖြစ်သာ သတ်မှတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန်သရဖူ သံရေကျိုစက်ရုံမှ လုပ်သားတစ်ဦးဖြစ်သူ ဦးနော်အောင်က ဆက်လက် ပြောဆိုသည်။
“တိုင်တွေ (ခေါင်းစဉ် သတ်မှတ်ချက်) အများကြီး မထည့်ဖို့ တင်ပြကြတယ်။ အချိန်ပိုကြေးကိုလည်း အနည်းဆုံး အခြေခံ လုပ်အားခအပေါ် တွက်ချက်ပေးဖို့ တင်ပြုကြတယ်” ဟု ၎င်းက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ လုပ်သားများ၏ တင်ပြချက်နှင့် အလုပ်ရှင်များ၏ တင်ပြဆွေးနွေးချက်များကို အခြေခံကာ လုပ်ဆောင်သွားမည်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်ရှင်များနှင့် တွေ့ဆုံကာ သဘောထား ကောက်ယူမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။

အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ရေး အပါအဝင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကိစ္စရပ်များမှာ အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဖက် ညှိနှိုင်း သဘောတူညီမှု အပေါ်တွင် မူတည်ကြောင်း ၎င်းက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် လုပ်သားများ စားဝတ်နေရေး ဖူလုံရေးအောင် လုပ်ဆောင်ပေးရန်၊ ကုန်ဈေးနှုန်း ထိန်းချုပ်ပေးရန် ကိစ္စများကို လုပ်သားအများစု တင်ပြခဲ့ကြပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်ခွဲခြား သတ်မှတ်မည့်အစား တစ်နိုင်ငံလုံး အတိုင်းအတာ သတ်မှတ်ရေး၊ လုပ်ငန်း အမျိုးအစားအလိုက် သတ်မှတ်ရေး စသည့်ကိစ္စများကို ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း လုပ်သားများထံမှ သိရှိရသည်။
“အနည်းဆုံလုပ်ခ ဘယ်လောက် ဖြစ်သင့်တယ် ဆိုတာကို တင်ပြတာ မရှိသေးဘူး။ မူဝါဒတစ်ခု ထွက်ဖို့ပဲ တင်ပြကြတယ်” ဟု ဦးနော်အောင်က ဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍမှာ ဦးစွာ ထွက်ပေါ်လာနိုင်ပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့မှာ သုတေသနများ ပြုလုပ်ပြီးမှ ဆက်လက် လုပ်နိုင်မည် ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

အနည်းဆုံး လုပ်ခသတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသားကော်မတီ လူစာရင်းကို နိုင်ငံတော်သမ္မတထံသို့ စက်တင်ဘာလ အတွင်းက တင်ပြထားပြီး သမ္မတက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
The Voice Weekly