မြန်မာပြည်သားနဲ့ အကြောက်တရား (Min Kaung Chit)

ပို့စ်တင်ချိန် - 10/20/2013 10:52:00 AM


မင်းကောင်းချစ် (မန္တလေး)
ဒီတခေါက် ခွင့်ရက်ရှည်ရလို့ ဗမာပြည်အလည်ပြန်တော့ အရင်အခေါက်တွေထက် စိတ်လက်ပေါ့ပါးနေခဲ့တယ်။ အိမ်သူနဲ့သမီးတွေကကြိုပြန်နှင့်တော့ တစ်ကိုယ်ရည်မို့ ၀န်စည်စလွယ်ကလည်းနဲနဲ၊ လက်ဆွဲအိတ် ငယ်တလုံးဆွဲရင်း အပူပင်ကင်းကင်းပြန်နိုင်ခဲ့တယ်။
ထုံစံအတိုင်း လေယာဉ်အပေါ်ကဆင်းပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာတွေအရှေ့မှာ အများနည်းတူတန်းစီ လိုက်တယ်။ ဘေးဘီကြည့်လိုက်တော့ လူတိုင်းလိုလိုပူပင်ကြောင့်ကြတဲ့ မျက်နှာလေးတွေနဲ့၊ အဆင်မပြေမှု တခုခုကြုံရမှာ စိုးရိမ်နေကြပုံပဲ။ အဆိုးဆုံးက ကိုယ့်အနောက်မှာလာတန်းစီတဲ့ လူငယ်လေးပဲ။ အရွယ်က အသက်(၂၅) နှစ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ သူကြောက်နေပုံက ရုပ်ပျက်ဆင်းပျက်။ ခြင်္သေ့နံရတဲ့အာဖရိ ကသမင်တကောင်လိုပဲ ဂနာမငြိမ်ဖြစ်နေတာ သိတာလွန်းတယ်။ ကျနော်လည်းမနေသာလို့ ဘာဖြစ်နေတာလဲ ငါ့တူကြီးလို့မေးတဲ့အခါ သူ့ပတ်စ်ပို့သက်တမ်းက(၂) လထဲကျန်တော့ကြောင်း၊ ငွေမလုံလောက်တာရယ်၊ အချိန်မရတာကြောင့် သက်တမ်းမတိုးရသေးကြောင်း၊ အခုလဲခွင့်က (၂) ပတ်တာရတာမို့ စာအုပ်အသိမ်း ခံရရင် ပြန်လိုက်ဖို့အခက်အခဲအများကြီးရှိတာမို့ စာအုပ်သိမ်းမှာစိုးရိမ်ကြောင်း၊ ခွင့်စာလည်းမပါကြောင်း တုန် တုန်ရီရီရှင်းပြရှာတယ်။ အဲ့ဒါနဲ့ကျနော်လည်း လူငယ်လေးကိုအားပေးခဲ့ရတယ်။ သက်တမ်းကုန်ခါနီးတာနဲ့ ပတ်စ်ပို့စ်မသိမ်းနိုင်ကြောင်း၊ ခွင့်စာ မပါရင် (D) Form သာလုပ်ရန်လိုကြောင်း ပြောပြတော့မှ စိတ်သက်သာ သွားပုံရတယ်။
ကျနော်အလှည့်ပြီး၊ သူ့အလှည့်ရောက်တော့ ဘာမှပြဿနာမရှိပါဘူး။ ရှောရှောရရှုရှုနဲ့ ပြီးသွားတော့ လူငယ်လေးမျက်နှာဝင်းပလို့။ ၀န်စည်စလွယ်တွေရွေးပြီး အကောက်အခွန်ဋ္ဌာန ဖြတ်ခါနီးတော့ တခါကြောက်နေပြန်ရော။ အဝေးထိန်းစနစ်နဲ့မောင်းတဲ့ ကစားစရာကားလေး ပါလာလို့တဲ့။ အဆင့်မြင့်အဝေးထိန်းစနစ်နဲ့ ပျံသန်းနိုင် တဲ့ ကစားစရာတွေကို လက်ရှိ အမိန့်နဲ့တားမြစ်ထားကြောင်း၊ ဒါတောင် တိကျတဲ့ဥပဒေ ရှိပုံမရကြောင်း၊ တားမြစ်စရာအကြောင်းမရှိ လို့ ဒီအမိန့်ဟာမလိုလားအပ်ကြောင်းရှင်းပြခဲ့ပါတယ်။
အကောက်အခွန်ဋ္ဌာနဖြတ်ပြီးတော့ ကြိုဆိုသူတွေစောင့်နေတဲ့ ခမ်းမထဲရောက်တော့ လူငယ်လေးက ကျေးဇူး စကားဆိုရင်း နှုတ်ဆက်တော့ စာများများဖတ်ဖို့၊ လေ့လာဆည်းပူးဖို့လိုကြောင်း၊ များများသိလာရင်ကြောက် စိတ်လျော့ပါးလာနိုင်ကြောင်းပြောရင်း လမ်းခွဲခဲ့ကြတယ်။ အဲ့ဒါနဲ့တက္ကစီတစ်စီငှားပြီး တည်းခိုမယ့် ဟော်တယ် ကိုသွားရင်း လမ်းမှာ အကြောက်တရားနဲ့ ပတ်သက်ပြီးတွေးလာမိတယ်။
အကြောက်တရားဘယ်ကလာ တကယ်တော့ လူသားတွေဟာ မသိတာကိုကြောက်လေ့ရှိကြတယ်။ အန္တ ရာယ်ဖြစ်မှာကြောက်ကြတယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ကလေးတွေဂျီတိုက်ရင် ဒေဝေါကြီးလာလိမ့်မယ်။ ပသျှူးခေါင်းပြတ်ကြီးကြောင့် ကလေးတွေအငိုတိတ်ကြတယ်။ ကျောင်းနေတဲ့အရွယ်ရောက်လာတော့ ရိုသေ လေးစားမှုနဲ့အကြောက်တရားကို ခွဲခြားမသိတဲ့ ဝေဖန်ခွင့်မရှိတဲ့ဝန်းကျင်ကြောင့် မိဘဆိုကြောက်၊ လူကြီးသူမ ဆိုကြောက်၊ ဆရာဆိုကြောက်၊ ဘကြီးဘုန်းကြီးဆိုကြောက်၊ ကိုယ့်မှားလည်းကြောက်၊ ကိုယ်မှန်လည်း ကြောက်ရတယ်လေ။
ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲရောက်ပြန်တော့ အထက်အရာရှိဆိုကြောက်၊ ကိုယ့်ထက်ရာထူးငယ်ပေမယ့်  အဆက်အသွယ်ကောင်းတဲ့သူဆိုကြောက်၊ အရပ်ထဲဆိုရင် ရပ်ကွက်ကောင်စီ- ရ၀တဆိုကြောက်၊ စစ်သား၊ ရဲသား ဆိုကြောက်၊ စည်ပင်သာယာဝန်ထမ်းဆို ကြောက်၊ အလှူခံ၊ လုပ်အားပေးဆင့်တဲ့သူတောင်ကြောက်ကြရ တယ်မဟုတ်လား။ တရားရုံးသွားရရင် ရှေ့နေ၊ တရားသူကြီးဆိုကြောက်ရ၊ ဆေးရုံဆေးခန်းသွားရင်း၊ ဆ ရာဝန်၊ သူနာပြုမပြောနဲ့ဓါတ်မှန်ဆရာ၊ အ၀င်တံခါးဂိတ်စောင့်ကအစ ကြောက်ကြရတယ်မဟုတ်လား။
ဓါတ်မှန်ဆရာဆိုလို့ မန္တလေးဆေးရုံကြီး မြောက်ဖက်ကပုဂ္ဂလိကဆေးရုံမှာ မိသားစုကျန်းမာရေးကိစ္စနဲ့သွားရင်း ကြုံခဲ့ရတာလေးပြောပြချင်ပါတယ်။ ဓါတ်မှန်ခန်းကနံရံမရှိ၊ အပိတ်တံခါးမရှိ၊ အမျိုးသမီးလူနာကို အ၀တ်လဲ ဖို့ပေးထားတာက မတ်တပ်တရပ်ဖို့တနေရာစာကို အ၀တ်လိုက်ကာတခုနဲ့ပတ်ထားပေးတယ်။ အ၀တ်စားက လည်း နောက်ကျောမလုံဗလာကျင်းနဲ့။ လူနာအမျိုးသမီးခမျာ နောက်ကျောသိုင်းကြိုးတောင် ကောင်းကောင်း ချည်ခွင့်မရ၊ အသက်(၆၀)၀န်းကျင်ဓါတ်မှန်ဆရာက အကူအမျိုးသမီးရှိရက်နဲ့ သူကိုယ်တိုင်ခွင့်မတောင်းပဲ လူနာအမျိုးသမီးကို ဓါတ်မှန်စက်ရှေ့မှာကိုင်တွယ်ပြီးဆောင်ရွက်တယ်။ ကုတင်အပေါ် တစောင်းလှဲပြီး ဓါတ် မှန်ကိုရိုက်ဖို့ကိုလည်း ဘယ်အနားက နာတာလဲ စတဲ့…….မေးခွန်းတွေနဲ့ ကျော၊ တင်ပါး စတာတွေကိုကိုင် တွယ်ဖို့ကြိုးစားလာတာတွေ့ရတော့ ကျနော်လည်းမနေသာတော့ပဲ ၀င်ပြောရတော့တယ်။ အမျိုးသမီးလူနာတ ယောက်ကို ကိုင်တွယ်ဖို့ဆိုရင် ပထမခွင့်တောင်းရမယ်။ သဘောတူညီချက်ရယူရမယ်။ လူနာကအမျိုးသမီး
ဓါတ်မှန်ဆရာဝန်ထမ်း တောင်းဆိုပိုင်ခွင့်ရှိရမယ်။ လူနာပေမယ့် အမျိုးသမီးတယောက်ရဲ့ ကာအိနြေ္ဒသိက္ခာနဲ့ အခွင်ု့အရေးဆိုတာရှိတယ်။ အလေးထားရမယ်။ နားလည်တတ်ရမယ်။ မိန်းမသားတယောက်မလုံမခြုံနဲ့ ဓါတ်မှန်ရိုက်နေတဲ့အခန်းအထဲကို ဆေးရုံ အကူဝန်ထမ်းအမျိုးသားတွေ တံခါးမရှိ ဓါးမရှိဝင်ထွက်သွားလာနေတာဟာ အမျိုးသမီးတွေရဲ့ အိနြေ္ဒသိက္ခာကို မြေမှာချနင်းနေတာပဲ။ အဲ့ဒီဓါတ်မှန်ဆရာကပြောခဲ့တယ်။ ဒီလိုပဲသူ တို့လုပ်လာတာကြာပြီ။ ဒါထုံးစံပဲတဲ့။ သူရဲ့စိတ်ရင်းအခံကရိုးပုံရပါတယ်။ ဒါပေမယ့်ခက်တာက သူ့ရဲ့ခံယူချက် (Mind-set)၊ ဆေးသမား၊ ဓါတ်မှန်ဆရာပြောဆိုခိုင်းစေသမျှကို လူနာက ဘာမှအထွန့်မတက်နဲ့ လိုက်နာရ မယ်ဆိုတာပဲ။ လူနာတွေကလည်း ကိုယ့်မှာအခွင့်အရေးဘာရှိလည်းဆိုတာ မသိတာရယ်။ ဆေးသမား၊ ဆရာ ၀န်ပြောရင် ဘာမဆိုနာခံရမယ်ဆိုတဲ့ အသိအမှားရယ်၊ ဆရာဝန်ဖြစ်သူက ဓါတ်မှန်ဆရာလုပ်ကိုင်တာကိုမှား သလား၊ မှန်သလားဆိုတာခွဲခြားနိုင်တဲ့အတွေ့အကြုံ ဗဟုသုတမရှိတာရယ်၊ မသိတာတွေများတော့ ကြောက် ပြီး ဘာမှပြန်မပေး၊ ပြန်မပြောဝံ့ကြဘူးလေ။
ကျနော်လည်းအဲ့ဒီဓါတ်မှန်ဆရာကိုပြောဖြစ်ခဲ့တယ်။ အရင်တုန်းကလုပ်ခဲ့တာပဲဆိုပြီး မှန်တယ်မထင်ပါနဲ့၊ အတွေးအခေါ်နဲ့ အလုပ်အကိုင်တွေပြင်ကြပါ။ လူနာကိုလေးစားပါ။ သိက္ခာကိုတန်ဖိုးထားပါလို့ လူအများအရှေ့ မှာ ပြောပစ်ခဲ့တယ်။ အဲ့ဒီလိုပြန်ပြောတဲ့လူမရှိရင် သူ့စိတ်ထဲမှာသူလုပ်တာ မှန်တယ်ပဲ ထင်နေမှာ။ နောက်အမျိုးသမီးလူနာဆိုရင် ကျနော်ပြောရကျိုးနပ်မယ်ထင်ပါတယ်။ ဆေးရုံပိုင်ရှင်တွေကလည်း ဆေးရုံအသုံးအ ဆောင်၊ အခန်းတွေကိုပြုပြင်မွမ်းမံဖို့၊ အမျိုးသမီးလူနာတွေရဲ့ သိက္ခာကိုတန်ဖိုးထားဖို့ ဒီဆောင်းပါးကနေပြော ချင်သလို လူနာရှင်တွေကလည်း ကိုယ့်အခွင့်အရေးကိုသိအောင်ကြိုးစားဖို့၊ သိရင်လည်းတောင်းဆိုရဲတဲ့သတ္တိ မွေးဖို့တိုက်တွန်းခြင်ပါတယ်။ အရာရာကို မဆင်မခြင်ကြောက်မနေဖို့ ဒီနေရာကပြောချင်ပါတယ်။

ကြောက်စိတ်ဆိုတာဘာလည်း?
ကြေက်စိတ်ကိုအင်္ဂလိပ်လို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ပါတယ်။
Fear-(1)           An unpleasant emotion cause by the threat of danger, Pain, or harm.
        (2)           A feeling of anxiety regarding the likelihood of something unwelcome happening.
မြန်မာလိုဒီလိုအဓိပ္ပါယ်ပြန်လို့ရမယ်ထင်ပါတယ်။
(၁) ကျရောက်လာမယ့်အန္တရာယ်၊ နာကျင်မှု၊ ဘေးဥပါဒ်တွေရဲ့ခြိမ်းခြောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မလို လားအပ်တဲ့စိတ်လှုပ်ရှားမှု။
(၂) ကိုယ်မဖြစ်စေချင်တဲ့ အဖြစ်ပျက်တွေဖြစ်လာနိုင်တဲ့ အရေးကြောင့် ပေါ်လာတဲ့ စိုးရိမ်ပူပန်ကြောင့်ကြစိတ်။
ဗုဒ္ဓဘာသာရှုထောင့်ကနေ စာရေးသူနားလည်ထားတဲ့ကြောက်လန့်စိတ်ဆိုတာ အာရုံ(၆)ပါးနဲ့ ဒွာရ(၆)ပေါက် တို့ထိခိုက်မိရာက မိမိမှာရှိတဲ့ တဏှာ၊ ရာဂ၊ လောဘ၊ မာနစတဲ့ကိလေသာတွေ အကြောင်းသင့်လို့ပေါ်လာတဲ့ အခါအကျိုးတရားအဖြစ် စိတ်ဆိုး၊ စိတ်ပျက်၊ စိတ်ဆင်းရဲမှု၊ ပူပင်သောကဖြစ်ပြီး အမျက်ဒေါသယှဉ်လျက်ဖြစ် ပေါ်လာတဲ့ ဒေါသမူစိတ်အနုစားပါပဲ။
ဥပမာပြောရရင် ဆောင်းပါးအရှေ့ပိုင်းက လူငယ်လေးကြောက်လန့်နေတဲ့စိတ်ဟာ သူ့ပတ်စ်ပို့အသိမ်းခံရပြီး အခက်အခဲတွေ့မှာကိုမလိုလားတဲ့ လောဘစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်ကြောက်လန့်နေတဲ့ ဒေါသ မူစိတ်ကလေးပါ။
နောက်ဥပမာကတော့ မြန်မာစစ်အစိုးရအဖွဲ့အထဲက မပြောင်းလဲလိုသူတွေရဲ့ ကြောက်စိတ်ပါ။ သူတို့ရရှိခံစား နေတဲ့အာဏာ၊ ပါဝါ၊ စည်းစိမ်တွေဆုံးရှုံးလျော့ပါးမှာ စိုးရိမ်ပူပန်ပြီးပြောင်းလဲရမှာကြောက်လန့်နေတဲ့ ဒေါသမူ စိတ်တွေပါပဲ။
အထက်ပါဥပမာ(၂)ခုစလုံးဟာ လောဘကိုအခြေခံပြီးဖြစ်ပေါ်လာတဲ့ကြောက်စိတ်တွေပါ။ ဒါပေမယ့် လူငယ် လေးရဲ့လောဘက ကိုယ့်ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုလိုချင်တဲ့ သမ္မာလောဘဖြစ်ပေမယ့် စစ်အစိုးရအဖွဲ့ ထဲက မပြောင်းလဲလိုသူတွေရဲ့လောဘကတော့ မတရားသဖြင့်ရယူလိုတဲ့ ၀ိသမဘောဖြစ်နေတယ်ဆိုတာ ခွဲခြားမြင်ဖို့လိုပါတယ်။
အဆိုပါလူငယ်လေးလိုပဲ မြန်မာတပြည်လုံးက တိုင်းသူပြည်သားတွေ၊ ကိုယ့်ရသင့်ရထိုက်တဲ့ အခွင့်အရေးအအတွက် ပူပန်နေရတဲ့ကြာက်စိတ်တွေနဲ့ အာဏာပိုင်တွေရဲ့မယူအပ်တဲ့ အာဏာ၊ ပါဝါ၊ ဥစ္စာတွေစွန့်လွှတ်ရမှာ ကြောက်တဲ့စိတ်တွေကို ဖြစ်ပေါ်စေတဲ့ တွန်းအားပေးနေတဲ့ အောက်ပါအခြေအနေတွေကို ၀ိုင်းဝန်းဖယ်ရှားပြု ပြင်ကြဖို့လိုပါတယ်။
Ø  (က)     တိုင်းသူပြည်သားများရဲ့ အထွေထွေအသိပညာ နိမ့်ကျမှု၊
Ø  (ခ)       အခွင့်အာဏာအလွဲသုံးပိုင်ခွင့်ပြုသော မမှန်ကန်သည့်အုပ်ချုပ်မှုစနစ်
Ø  (ဂ)       စီစစ်ဝေဖန်ခွင့်၊ အပြန်အလှန်ဆွေးနွေးခွင့်အားနည်းသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ      (အာရှတန်ဖိုး၊ မိသားစုတန်ဖိုးမှာ အားနည်းချက်)
Ø  (ဃ)     မိုးခါးရေသောက်နေသော ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းခြစားလူ့အဖွဲ့စည်း။
မြန်မာပြည်သူတွေကိုယ်တိုင်ကလည်း မိမိရဲ့အထွေထွေအသိတရားတွေတိုးတက်လာအောင် ကြိုးပမ်းဖို့လိုသ လို ကိုယ့်အခွင့်အရေးကိုသိပြီး အဲ့ဒီအခွင့်အရေးကို တောင်းဆို ရယူရဲတဲ့သတ္တိမျိုးမွေးဖို့လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ကြောက်လန့်ခြင်းမှကင်းဝေးရေး” စာအုပ်အထဲမှာလည်း လာဘ်ပေးလာဘ်ယူနဲ့ ဖောက်ပြန်မှုဖြစ်စေတဲ့ဆန္ဒာကတိ၊ ဘယာကတိ၊ ဒေါသကတိ၊ မောဟကတိ အစရှိတဲ့ အဂတိတရား(၄)ပါး အနက်က ဘယာကတိ (ကြောက်လန့်မှုဖြင့်၊ မလားအပ်သည်သို့လားခြင်း) ဟာ အဆိုးဝါးဆုံးဖြစ်နိုင်ကြောင်း အ မှားနဲ့အမှန်မခွဲခြားနိုင်စေတဲ့ အခြေခံကျတဲ့ အဂတိတရားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။
အနှစ်ချုပ်ကိုပြောရရင် ပုထုဇဉ်လူသားတိုင်းမှာ ကြောက်စိတ်ဆိုတာရှိပါတယ်။ ဒါပေမယ့် အဆင်ခြင်မဲ့ မ ကြောက်ကြဖို့ ၀ိသမာလောဘစိတ်နဲ့ယှဉ်ပြီး ဘယာဂတိမလိုက်စားဖို့၊ မိမိကိုယ်ကိုအသိဥာဏ်ဗဟုသုတတွေ မြင့်မားအောင် လေ့လာဆည်းပူးကြဖို့၊ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး တောင်းဆိုရဲ၊ ရယူတဲ့ရဲတဲ့စိတ်သတ္တိတွေ မွေးကြဖို့၊ နိုင်ငံသားတစ်ဦးချင်း ကြောက်စိတ်ကင်းမှ တရားမျှတပြီး၊ သန့်ရှင်းစင်ကြယ်တဲ့ဒီမိုကရေစီနိုင်ငံသစ် ကိုတည်ဆောက်နိုင်မှာဖြစ်ကြောင်းပြောချင်ပါတယ်။
မြန်မာနိုင်ငံသားတိုင်း အဂတိတရားလေးပါးမှ ကင်းဝေးပြီးအစိုးရကိုမှီခိုနေရတဲ့ ပြည်သူမဟုတ်ပဲ အစိုးရကမှီ ခိုအားထားရတဲ့ မြင့်မြတ်သော အာဂမိဘပြည်သူ၊ ပြည်သားများဖြစ်နိုင်ကြပါစေ။