ပုဂ္ဂလိက အာမခံကုမ္ပဏီများ၊ မြန်မာ့ အာမခံ ကြီးကြပ်ရေးအဖွဲ့တို့ ပါဝင်သည့် အာမခံအသင်း ဖွဲ့စည်းမည်

ပို့စ်တင်ချိန် - 10/20/2013 01:10:00 PM



အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်းကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထား)
အာမခံဈေးကွက် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီများ၊ မြန်မာ့အာမခံ ကြီးကြပ်ရေး အဖွဲ့တို့ ပါဝင်သည့် အာမခံအသင်းကို ဖွဲ့စည်းသွားရန်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုလုံးကို လိုင်စင်ချထားပြီးပါက အာမခံအသင်းကို ဖွဲ့စည်းသွားရန်ရှိပြီး ယခုအခါတွင် လိုင်စင်ပေးအပ်ရန် ကုမ္ပဏီတစ်ခု ကျန်ရှိနေသေးကြောင်း သိရသည်။

"ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုရယ်၊ မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့တို့ ပါဝင်တဲ့ အာမခံအသင်းကို ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ ခုချိန်မှာက ပုဂ္ဂလိက ကုမ္ပဏီတွေလည်း မစုံသေးဘူး။ လိုင်စင်ပေးဖို့ ကုမ္ပဏီတစ်ခု ကျန်သေးတယ်။ အကုန်လုံး စုံသွားရင်တော့ ဖွဲ့စည်းသွားမှာပါ။ အာမခံအသင်း ဖွဲ့စည်းရတာလည်း အာမခံဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ပါ။ အာမခံဈေးကွက်မှာ rating (နှုန်းထား) သတ်မှတ်တာတို့၊ မူဝါဒ ချမှတ်တာတွေကို အာမခံအသင်းကပဲ ဆောင်ရွက်သွားမှာပါ"ဟု မြန်မာ့ အာမခံ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းသိန်းက ပြောကြားသည်။

့မြန်မာ့ အာမခံလုပ်ငန်းမှ ပုဂ္ဂလိက ကုမ္ပဏီများသို့ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် လျှောက်လွှာများကို ၂၀၁၂ ခု နှစ် မေ ၁ ရက်တွင် စတင် ရောင်းချခဲ့ပြီး စည်းကမ်းချက်နှင့် ကိုက်ညီသော ကုမ္ပဏီ ၁၂ခုကို လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ အာမခံလုပ်ငန်းသည် ၁၉၅၂ ခုနှစ်မှစ၍ နှစ်ပေါင်း ၅၀ကျော် ကာလအတွင်း တစ်ဦးတည်း လုပ်ကိုင်ခဲ့ပြီး ယခုနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ငန်း လုပ်ကိုင်ခွင့် ချထားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ အာမခံလုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီ ၁၁ခုသို့ လုပ်ငန်းလိုင်စင် ပေးအပ်ပြီးကြောင်း သိရသည်။ ယင်းကုမ္ပဏီများကို ကနဦးအနေဖြင့် အသက် အာမခံလုပ်ငန်း၊ အထွေထွေ အာမခံလုပ်ငန်းများဖြစ်သော မီးအာမခံ လုပ်ငန်း၊ မော်တော်ယာဉ်အလုံးစုံ အာမခံ၊ သမာဓိအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံတို့ကိုသာ လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။


Eleven Media Group