အဏုမြူဓာတ်သင့်မည်ကို စိုးရိမ်၍ ဂျပန်ငါးများ တင်သွင်းခြင်းကို တောင်ကိုရီးယား ပိတ်ပင်၊ WTO ဝင်ရှင်းရန် ဂျပန်တောင်းဆို

ပို့စ်တင်ချိန် - 10/10/2013 09:13:00 AM


ဂျပန်တွင် ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုမှ ရေဒီယိုသတ္တိကြွရေများ စိမ့်ထွက်နေသဖြင့် အနီးအနား ဂျပန်ပင်လယ်မှ ဖမ်းဆီးရမိသော ငါးများကို တောင်ကိုရီးယားက တင်သွင်းခွင့် ပိတ်ပင်လိုက်သည့်အတွက် အဆိုပါကိစ္စရပ်အား ဝင်ရောက် ဖြေရှင်းပေးရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဂျပန်က တောင်းဆိုလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဂျပန်အစိုးရသည် WTO အဖွဲ့ အစားအသောက် သန့်ရှင်းမှုဆိုင်ရာ ကော်မတီ အနေနှင့် ဂျပန်မြောက်ပိုင်း ပင်လယ်မှ ဖမ်းဆီးရမိသော ငါးများကို ပိတ်ပင်ခြင်းအား ညှိနှိုင်း ပေးပါရန် ပြောဆိုထားကြောင်း ဂျပန် ငါးလုပ်ငန်းအေဂျင်စီတစ်ခုက AFP သို့ ပြောကြားသည်။

ဖူကူရှီးမား နျူကလီးယားစက်ရုံကို လည်ပတ်နေသည့် အဖွဲ့က ဓာတ်ရောင်ခြည် သင့်နေသော ရေများ ပစိဖိတ်သမုဒ္ဒရာထဲသို့ စွန့်ထုတ်လိုက်ကြောင်း ဝန်ခံခဲ့ပြီးနောက် တောင်ကိုရီးယားက ဂျပန်ငါးများကို ပိတ်ပင်မှုကို ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ပိတ်ပင်မှု အရ ဖူကူရှီးမား ဒေသနှင့် အနီးအနား နယ်မြေများ ဖြစ်သော အိုင်ဘာရာကီ၊ ဂန်မာ၊ မီယာဂီ၊ အိုင်ဝါတီ၊ တိုချီဂီ၊ ချီဘာနှင့် အိုမိုရီဒေသတို့မှ ငါးများကို တောင်ကိုရီးယား ဒေသသို့ တင်ပို့ ရောင်းချ၍ မရတော့ပေ။

"ဂျပန်ရေထွက်ပစ္စည်း တွေကို တောင်ကိုရီးယားက နိုင်ငံတကာစံနှုန်း တွေထက် ကျော်လွန်ပြီး တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေနဲ့ တားမြစ်ထားတယ်လို့ ကော်မတီကို ရှင်းပြမှာ ဖြစ်ပြီးတော့ သူတို့ရဲ့ ပိတ်ပင်တားဆီးမှု တွေဟာ သိပ္ပံနည်းကျ အချက်အလက် တွေကို အခြေခံထားခြင်းလည်း မရှိပါဘူး"ဟု ဂျပန်ငါးလုပ်ငန်း အေဂျင်စီမှ အရာရှိတစ်ဦးက ပြောကြားသည်။

"တောင်ကိုရီးယားကို ဒီပိတ်ပင်ချက် ဖယ်ရှားပေးဖို့ ပြောဆိုခဲ့ပြီး ဖြစ်တဲ့အတွက် ကော်မတီမှာ ဒီကိစ္စကို ဆွေးနွေးပေးအောင် စာရင်းသွင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တာပါ" ဟု အဆိုပါ ဂျပန်အရာရှိက ပြောကြားသည်။

WTO ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ကော်မတီများသည် မဖြစ်မနေ လုပ်ရမည်ဟု အမိန့်ပေးနိုင်စွမ်းတော့ မရှိသော်လည်း အဖြေရရန် ဆွေးနွေးကြလျှင် ကြာတတ်သောကြောင့် တောင်ကိုရီးယား အာဏာပိုင်များ အနေနှင့် ယင်းကိစ္စကို ခေါင်းစဉ်တပ် တင်သွင်းပါက အလိုအလျောက် ပိတ်ပင်ထားမှုကို ဖယ်ရှားနိုင်လောက်သည်ဟု မျှော်လင့်ကြောင်းလည်း ၄င်းက ဆိုသည်။

နျူကလီးယား ဓာတ်ရောင်ခြည်ရေများ ပင်လယ်ထဲသို့ စွန့်ပစ်မိသည်ဟု သတင်း ထွက်ခဲ့ပြီးနောက် ဂျပန် ရေထွက်ပစ္စည်းများကို ပထမဆုံးနှင့် တစ်ဦးတည်း ပိတ်ပင်သည့် နိုင်ငံမှာ တောင်ကိုရီးယား ဖြစ်ကြောင်း ဂျပန်အရာရှိများက ဆိုကြသည်။

စက်ရုံနှင့်နီးသော နေရာအနည်းငယ် မှလွဲ၍ ပစိဖိတ်သမုဒ္ဒရာ ဂျပန်ပင်လယ်ပြင်တွင် သိသိသာသာ ရေဒီယိုသတ္တိကြွမှု မရှိပါ ကြောင်း ဂျပန်သိပ္ပံပညာရှင် များက ငြင်းချက် ထုတ်ကြသည်။

ဂျပန်သည် အဆိုပါ အဏုမြူဓာတ် ရောင်ခြည် သင့်ခြင်းကိစ္စ အတွက် အိမ်နီးချင်း နိုင်ငံများကို စောစီးစွာ အသိပေးရန် ပျက်ကွက်ကာ တာဝန်ခံမှု မရှိဘဲ ရေထဲသို့ အဆိုပါ ဓာတ်ရောင်ခြည်ရေများ စွန့်ထုတ်သည်ဟု တောင်ကိုရီးယား ငါးလုပ်ငန်းဝန်ကြီးက ပြစ်တင် ပြောဆိုဖူးသည်။

The Voice Weekly