ကရ၀ိတ်ဖောင်ကို ရေဆန်တက်စေသည့် ဆရာတော်ကြီး၏ ရောင်ခြည်တော် ကွန့်မြူးသော ဓာတ်တော်၊ အံတော်များ မူလကျောင်းတိုက်၌ရှိနေ

ပို့စ်တင်ချိန် - 1/24/2014 11:02:00 AM


ပုသိမ်၊ ဇန်န၀ါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းမစံပြကျေးရွာ၊ ကံ့ကော်ရွှေကျင် ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ရွှေကျင်နိ ကာယ ရတ္တညူ မဟာနာယက ဘဒ္ဒန္တ သုမန မဟာထေရ်မြတ်သည် ၁၃၇၅ ခု၊ နတ်တော်လဆန်း (၅)ရက်၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူ ခဲ့ပြီး အန္တိမ အဂ္ဂိဈာပန (မီးသင်္ဂြိုဟ်မှု)ပြုလုပ်ခဲ့ရာမှ ကြွင်းကျန်ရစ်သော အံတော်၊ ဓာတ်တော်၊ ပြာတော်များသည် ထူးဆန်းစွာ ရောင်ခြည်တော်များ ကွန့်မြူးလာသဖြင့် ယခုအခါ ကံ့ကော်ကျောင်းတိုက်၌ ကိန်းဝပ်စံပယ် ပူဇော် ထားပြီး အချို့အား စေတီတည်ထား ကိုးကွယ်သွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား ၁၃၇၅ခု၊ နတ်တော်လဆန်း (၁၂) ရက် (၁၄-၁၂-၂၀၁၃) စနေနေ့တွင် အန္တိမအဂ္ဂိ ဈာပန ပြုလုပ်ရာ၌ အရိုးပြာ တစ်မှုန်မျှ မရရှိဘဲ ခန္ဓာကိုယ် အစိတ်အပိုင်းများသာ ရရှိခဲ့ကြောင်း ညောင်တုန်းမြို့၊ ရွှေဟင်္သာ တောရဗောဓိ ဆရာတော် ဘုရားကြီးအား လျှောက်ထားခဲ့ရာ  ဆရာတော်ကြီးက ပြာဖြစ်မှသာ ရဟန်းကိစ္စ ပြီးမြောက်ကြောင်း၊  ပြာဖြစ်ရန် ဆက်လက် ဆောင်ရွက်စေကြောင်း မိန့်ကြားခဲ့သဖြင့်  နောက်တစ်နေ့တွင် တိုင်ကီတစ်လုံးအား အပေါက်(၄)ပေါက် ဖောက်၍ ထပ်မံ မီးသင်္ဂြိုဟ်သော်လည်း မီးမလောင်ကျွမ်းခဲ့ကြောင်း၊ နောက်ထပ်၍ အရိုးတော်များအား သံပြားပေါ် တင်ကာ လှော်သည့်အခါ၌ အံ တော်၊ ဓာတ်တော်များမှာ ရောင်ခြည်တော်များ ကွန့်မြူးလာကြောင်း၊ အဆိုပါ တစ်ညလုံး ရောင်ခြည်တော်များ (၁၁)ကြိမ်တိတိ ကွန့်မြူးခဲ့ပြီး (၉)ကြိမ် ဓာတ်ပုံရိုက်ယူနိုင် ခဲ့ကြောင်း၊ သနပ်ခါးတုံး များဖြင့် မီးသင်္ဂြိုဟ်မှု ပြုလုပ်ခဲ့သော တိုင်ကီမှာ ပူလောင်ခြင်း အလျှင်းမရှိဘဲ လက်ဗလာဖြင့် ကိုင်တွယ်၍ ရကြောင်း၊ (၇)ရက်တိတိ မီးသင်္ဂြိုဟ် သော်လည်း အရိုးတော်အချို့ မလောင်ကျွမ်းဘဲ ကျန်ရှိ နေသေးသဖြင့် ပြာနှင့် အရိုးတော်များ သတ်သတ်ခွဲခါ မီးဆက်လက် လောင်ကျွမ်းစေကာမှ အရိုးတော်များမှာ ကျောက်ဖြစ် သွားကြောင်း၊ အရိုးပြာများ လုံးသွားလျှင် ဓာတ်တော်ကျပြီး ပြာမလုံးလျှင် မကျကြောင်း ဗောဓိ ဆရာတော်ကြီးက ထပ်မံမိန့်ကြားသဖြင့် စောင့်ကြည့်ခဲ့ရာ (၃)ရက် အကြာတွင် ပြာများ လုံးသွားပြီး ဓာတ်တော်များ ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အရိုးပြာများမှာ ရွှေရောင်၊ ငွေရောင်များ တလက်လက် ထနေသော်လည်း အလွန်သေးငယ်သဖြင့် ကောက်ယူ၍ မရဘဲ သပ်သပ် သိမ်းထားရကြောင်း၊ အဆိုပါ အံတော်၊ ဓာတ်တော်၊ ပြာတော်၊ အရိုးတော်များအား ကံ့ကော်ကျောင်းတိုက်၏ ပြတိုက်တွင် (၁)လခန့် ကိန်းဝပ် စံပယ်နေပြီး တပည့်ဒါယကာ၊ ဒါယိကာမများက ဖူးမြော် ကြည်ညို ခဲ့ကြကြောင်း၊ ထို့နောက် ပြာတော်များထဲမှ အနည်းငယ်အား ရွှေ၊ ငွေ၊ ပတ္တမြား၊ ကျောက်စိမ်းအိုးများထဲတွင် ထည့်၍ ပန်းတနော်ရှိ ပညာရှင်များ ပြုလုပ် သော ကရ၀ိက်ဖောင်တော်ဖြင့် ဧရာဝတီမြစ်အတွင်းသို့ ညောင်တုန်းမြို့၊ စက္ကော့ဆိပ်ကမ်းမှစတင် မျှောခဲ့ကြောင်း၊ အခြားဖောင်တော်များနှင့် ခွဲခြားနိုင်ရန် ဆရာတော် ပုံတော်နှင့် ဘွဲ့တံဆိပ်တော်အား ရေးသားထားကြောင်း ကျောင်းအကျိုးတော်ဆောင် ဦးသောင်းညွန့်က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

 ““ညောင်တုန်းတံတားနား ရောက်တော့ တံတားအောက်က မဖြတ်ဘဲ ပြန်လှည့်ပြီး ရေဆန် ပြန်တက်သွားတယ်လို့ ညောင်တုန်းတံတားမှာ သွားစောင့်နေတဲ့ သူက ပြောတယ်”” ဟု ဦးသောင်းညွန့်ကပင် ဆက်လက် ပြောဆိုသည်။

ဖောင်တော် ရပ်နားရာ ညောင်တုန်းမြို့နယ်၊ ရွှေသောင်ယံ ကျေးရွာတွင် ဖူးမြော် လှူဒါန်းသူများဖြင့် စည်ကား နေပြီး အဆိုပါနေရာတွင် စေတီတစ်ဆူ တည်ထားမည်ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

လက်ရှိ ပြတိုက်ထဲရှိ ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဓာတ်တော်၊ အံတော်၊ ပြာတော်များထဲမှ တစ်ဝက်အား ဌာပနာ ထည့်၍ ကျောင်း၏ မြောက်ဘက် ကုန်းတော်ပေါ်တွင် စေတီတည်ထား ကိုးကွယ်သွားပြီး ကျန်တစ်ဝက်အား ပြတိုက်အတွင်း ဆက်လက် အပူဇော်ခံ သွားမည်ဖြစ်ကြောင်း အင်းမစံပြကျေးရွာ၊ ကံ့ကော် ရွှေကျင် ကျောင်းတိုက်မှ ဦးနန္ဒာဝံသက  မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။

ရဲရင့်ထွန်း(ပုသိမ်)