ဟိန္ဒူဓမ္မစာပေအောင်မြင်သူ ၁၃ ဦးကို ဆုချီးမြှင့်

ပို့စ်တင်ချိန် - 1/24/2014 12:17:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၂၀

သနန္တန ဓမ္မပါလက အဖွဲ့ချုပ် ဟိန္ဒူ ဓမ္မသင်ကြားပို့ချရေး ဗဟိုကော်မတီမှ သင်ကြားပို့ချသော ဟိန္ဒူ ဓမ္မစာပေ စာမေးပွဲတွင် ဖြေဆို အောင်မြင်သူ ၁၃ ဦးကို သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဇန်န၀ါရီ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ဟိန္ဒူဓမ္မစာပေ ဆုချီးမြှင့်ပွဲကို ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့သည်။

သနန္တနဓမ္မပါလက အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ဟိန္ဒူဓမ္မစာပေ သင်ကြားမှုကို ၁၉၇၁ ခုနှစ်မှ စတင်ခဲ့ပြီး နှစ်စဉ် ကျောင်းသား ၁၃၀၀ ကျော်ခန့် စာစစ်ဌာန ၁၈ ခုဖြင့် စစ်ဆေး၍ အောင်မြင်သူများကို ဆုချီးမြှင့်လျက် ရှိသည်။

ဟိန္ဒူဓမ္မသင်ကြားပို့ချရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းက ““အဓိကတော့ ဟိန္ဒူဘာသာ တရားရဲ့ အဆုံးအမတွေ လူငယ်တွေ ပိုမိုသိရှိ နားလည်ဖို့ပါ၊ ဘာသာတရားရဲ့အခြေခံကို နားမလည်ရင် ဘာသာ သွတ်သွင်းခြင်း ခံရမှာလည်း စိုးရိမ်ရတယ်”” ဟု ပြောသည်။

ဟိန္ဒူဓမ္မစာပေ ဆုချီးမြှင့်ခြင်းကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ဟိန္ဒူဘာသာဝင် ၂၀၀၀ ကျော်ခန့် တက်ရောက် ခဲ့ပြီး ဟိန္ဒူရိုးရာ ယဉ်ကျေးမှု အကများ၊ မြန်မာသင်္ကြန် သီချင်းများကို ကပြ ဖျော်ဖြေခဲ့သည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ““ဟိန္ဒူဘာသာတရားသည် ကိုယ်ချင်းစာတရား၊ မေတ္တာနှင့် ကရုဏာ တရားကို လက်ခံကျင့်သုံးသော အယူဝါဒဖြစ်ပါတယ်။ မည်သည့် ဘာသာကိုမှ အန္တရာယ်မပြု ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခဆန့်ကျင် ပြုလုပ်လေ့ မရှိပေ၊ ရန်ကိုရန်ချင်း မတုံ့ဆိုင်းဘဲ ရန်စလာပါကလည်း တုံ့မမူဘဲ ရှောင်ရှား ပေးတတ်ပါတယ်။ မေတ္တာကရုဏာ ပြည့်ဝရန် နူးညံ့သိမ်မွေ့သော ဘာသာအယူဝါဒ တစ်ခု ဖြစ်ပါသည်”” ဟု ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊  ဟိန္ဒူဘာသာရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ကျော်စိုးဦး
Myanmar Thandawsint Newspaper