မင်ပြားမြို့နယ်တွင် စစ်တပ် ပြန်ပေးသောမြေများကို တာဝန်ရှိသူများက မူလပိုင်ရှင်ကိုမပေးဘဲ ဘင်္ဂလီများကိုဌားစားနေဟုဆို

ပို့စ်တင်ချိန် - 7/08/2014 12:08:00 PM


(နိရဉ္စရာ- ၈ ဇူလိုင်လ ၂၀၁၄)


ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်တပ်က ပြန်ပေးသော လယ်မြေများကို မင်းပြားမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများမှ မူလပိုင်ရှင် ရခိုင် လယ်သမားများအား ပြန်မပေးဘဲ ဘင်္ဂလီကျေးရွာသားများကို တစ်ဧက ကျပ် (၅၀၀၀၀) နုန်းဖြင့် ဌားစားနေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

“ ကျွန်တော်တို့ လယ်သမား (၇) ဦးကို စစ်တပ်က ပြန်ပေးထားတဲ့ စာအတိအကျ ရှိပါတယ်။ အခု အဲဒီလယ်တွေကို ကျွန်တော်တို့ မရဘဲ နာဂရာကျေးရွာမှ ဘင်္ဂလီတွေက တက်ထွန်နေပါတယ်။ အဲဒါ မြို့နယ် တာဝန်ရှိသူတွေနဲ့ ကျေးရွာက တာဝန်ရှိသူတွေ ပေါင်းပြီ ဌားပီး လုပ်စားနေကြတာ ဖြစ်ပါတယ်။ တစ်ဧက ကျပ် (၅၀၀၀၀) နုန်းနဲ့လို့ကြားပါတယ်” ဟု လယ်မြေပြန်ရပြီး လယ်မထွန်ရဘဲ ဖြစ်နေသူ ဦးမောင်ပျော့က ဆိုသည်။

လယ်မြေများကို စစ်တပ်က မူလပိုင်ရှင် လယ်သမားများအား ပြန်ပေးခြင်းနှင့် ပတ်သက်ပြီး သိရှိရသည်မှာ  “အမ်းမြို့ အခြေစိုက်  အမှတ် (၃၇၄) အမြောက် တပ်ရင်းမှ စာအမှတ် ၃၇၄/  ၃၀ / ၂၁ ထောက် ( ၅) – ရက်စွဲ ၂၀၁၄ ခုနှစ်မေလ ၃၁ ရက်နေ့စွဲဖြင့် မင်းပြားမြို့နယ် နာဂရာ ကျေးရွာ အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ သိမ်းဆည်းမြေများ ပြန်ပေးကြောင်း စာဖြင့် အကြောင်းကြားလာကြောင်း၊  စာထဲတွင် အမှတ် (၃၇၄) အမြောက်တပ်ရင်းမှ မင်းပြားမြို့နယ် နာဂရာ ကျေးရွာ အုပ်စု လယ်သမား (၇) ဦးထံမှ သိမ်းဆည်းထားသော လယ်မြေ (၃၂) အား မူလပိုင်ရှင် အောက်ဖေါ်ပြပါ လယ်သမားများအား ပြန်လည် ပေးအပ်ပြီ ဖြစ်ပါကြောင်း၊ ပြန်ရသော လယ်သမားများမှာ (၁) ဦးမောင်ပျော့ -  ၆ ဧက  (၂) ဦးငကျော်မောင် – ၅ ဧက၊ (၃) ဦးမောင်ပု – ၄ ဧက၊ (၄) ဦးစိန်ထွန်းလှ – ၄ ဧက ၊ (၅) ဦးကျော်သိန်း- ၆ ဧက၊ (၆) ဦးမောင်သိန်းထွန်း -၃ ဧက (၇)  ဦးကျော်ထွန်းလှ – ၄ ဧက တို့ဖြစ်ပါကြောင်း” ဟု ပါရှိသည်ဟု သိရသည်။

ယခုအခါ ယင်းလယ်မြေ (၃၂) ဧကကို ယခုအခါ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး (၁) ဧကကို ကျပ် ၅၀၀၀၀ နုန်းဖြင့် ဌားစားထားသဖြင့် ဘင်္ဂလီ လယ်သမား (၈) ဦးက ၎င်းလယ်များတွင် လက်ရှိ အချိန်တွင် လယ်တက်ထွန်နေကြကြောင်း ကျေးရွာသားများက စွပ်စွဲ ပြောဆိုသည်။

လယ်မြေများကို ဌားရမ်း လုပ်ကိုင်ခွင့်ရနေသူ ဘင်္ဂလီများမှာ (၁) ဦးကျော်သိန်း (ဘ) ဦးအာချော်ဂျာ- သရက်အုပ်ကျေးရွာ (၂) ရော်ဘီအာလောင် (ဘ) ဦးနာဂူ – နာဂရာပြင်ရွာ (၃)  ဦးအာဘူ (ဘ) ဦးမော်ဒူလာမောက် – နာဂရာပြင် ကျေးရွာ ( ၄) ဦးကာလာ (ဘ)  မာမောက်ဇောဒိန် – နာဂရာပြင်ရွာ ( ၅)   ဦးမောင်ဒူလှ (ဘ) ဦးမောင်သိန်း – နာဂရာပြင်ရွာ (၆)  ဦးနာဂရာ (ဘ) ဦးမော်တူမောက် နာဂရာ (၇) သဲရာဇူး (ဘ) ဦးနူဂူလ်ဆင် (၈) အီဆူး (ဘ) နာဂရာပြင်ရွာတို့ ဖြစ်ကြသည်ဟု သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး နာဂရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြသန်းထံ နိရဉ္စရာက ဆက်သွယ်မေးမြန်းရာသူက ယခုလို ပြောသည်။

“ ဒီမြေက စားကျက်မြေတွေ ဖြစ်ပါတယ်။ အခုက နှစ်ဘက်စလုံးကို လယ်မထွန်ဖို့ တားထားပါတယ်။ ကျွန်တော်နဲ့ ဒီပြသနာနဲ့ ဘာမှ မပတ်သက်ဘူး။ ကျွန်တော်မှာ ဒီလို ဌားရမ်းပိုင်ခွင့် အာဏာလည်း မရှိပါဘူး။ ကျွန်တော်နဲ့ မဆိုင်ပါ” ဟု သူက ဆိုသည်။

ယခုပြဿနာနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော်ထံ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။

“ ကျွန်တော်ဆီကို စာရွက် စာတန်း အထောက်အထားတွေနဲ့ တိုင်ကြားစာတွေ ရောက်နေပါတယ်။ ရခိုင်လယ်သမားတွေက ထိပ်တိုက်ဖြစ်ရင် ပြသနာ ကြီးကျယ်လာမှာ ဖြစ်တဲ့ အတွက် လယ်သမားတွေက စာရေးပြီး အထက်ကို တိုင်ကြားထားပါတယ်” ဟု ဆိုသည်။

မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ ရုံးစာရေးမ တစ်ဦးမှ အုပ်ချုပ်ရေးမှူး ခရီးထွက်သွားသည်ဟု ပြောဆိုသဖြင့် မိုဘိုင်းဖုန်းမှ တဆင့် တိုက်ရိုက်ဆက်သွယ်ရ ဧရိယာ အပြင်သို့ ရောက်ရှိနေသည်ဟု ဖုန်းထဲမှအကြောင်း ပြန်ကြားသည်။ သို့အတွက် ယခု ပြသနာနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး၏ ပြောဆိုမူကို တင်ပြနိုင်ခြင်း မရှိပါ။

ယခု ဖြစ်ပေါ်နေသော အရေးနှင့် ပတ်သက်ပြီး မလိုလားအပ်သော ပြသနာများ ထပ်မံ ပေါ်ပေါက်လာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံး ဖြေရှင်းရန် ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။

နိရဉ္စရာ