သံလွင်မြစ်ပေါ် တည်ဆောက်မည့် ကွမ်းလုံ ရေကာတာ ရပ်ဆိုင်းရန် တောင်းဆို

ပို့စ်တင်ချိန် - 2/15/2014 05:57:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ရေအားလျှပ်စစ် ထုတ်ယူရေး ရေကာတာ စီမံကိန်း အများအပြား နေရာယူထားကြသည့် သံလွင်မြစ်ပေါ်တွင် ထပ်မံ ဆောက်လုပ်မည့် ကွမ်းလုံ ရေကာတာ စီမံကိန်းကြောင့် ဒေသခံများ၏ လူနေမှုဘဝနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် နစ်နာမှုများ ရှိရာ စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆိုကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါ ရေကာတာ စီမံကိန်းကြောင့် လမ်းဖောက်လုပ်ရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ် အပါအဝင် ရွာပေါင်း ၆၀ ကျော်တို့မှ ဒေသခံများမှာ လျော်ကြေး မရရှိဘဲ မြေယာများ ဆုံးရှုံးခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း၊ ရေကာတာ တည်ဆောက် ပြီးပါကလည်း ငလျင် လှုပ်ခတ်ပါက ပြိုကျပျက်စီးကာ ကျေးရွာများ ရေနစ်မြုပ်နိုင်ကြောင်း၊ ယင်းတို့ကြောင့် စီမံကိန်းရပ် ဆိုင်းပေးရန် လိုအပ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

“အခုက လမ်းဖောက်လို့ အိမ်တွေ အကုန် ဖယ်ပေးရတဲ့အတွက် ဒေသခံတွေ နစ်နာမှုရှိတဲ့အပြင် ရေကာတာ ဆောက်ပြီးရင်လည်း မြစ်အပေါ် ပိုင်းက ရေတွေကို ပိတ်ထားတဲ့ အခါ တစ်ခုခုဖြစ်လို့ ပေါက် ထွက်လာရင် မြစ်အောက်ပိုင်း မှာရှိတဲ့ ကျေးရွာတွေ အကုန်လုံး ရေမြုပ်သွားမှာကို စိုးရိမ်နေရတယ်” ဟု ကွမ်းလုံရွာမှ ဒေသခံ အမျိုးသား တစ်ဦးက ပြောဆိုသည်။

ကွမ်းလုံ ရေကာတာ စီမံကိန်းသည် တရုတ်ကုမ္ပဏီ Hanenergy Holding Group နှင့် မြန်မာ အစိုးရတို့ ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ၁၄၀၀ မီဂ္ဂါဝပ်ခန့် ထုတ်ယူမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

သံလွင်မြစ်ပေါ်တွင် ရေကာတာ ခြောက်ခု တည်ဆောက်ရန် လျာထားရာ ရှမ်းပြည်နယ်တွင် ကွမ်းလုံ ရေကာတာ၊ နောင်ဖ ရေကာတာ၊ မန်တောင် ရေကာတာ၊ တာဆန်း (မိုင်းတုံ) ရေကာတာ၊ ကယား ပြည်နယ်တွင် ရွာသစ် ရေကာတာနှင့် ကရင်ပြည်နယ်တွင် ဟတ်ကြီး ရေကာတာ စီမံကိန်းတို့ ဖြစ်သည်။

The Voice Weekly