၁ဝ ဘီးကား လေးဖြုတ်လဲရာမှ ဂျိုက်ပြုတ်ကျ၍ လူတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 2/15/2014 09:07:00 PM


မြိတ် ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု အဝေးပြေးကား ဝင်းအနီး မြို့ပတ်(၂)လမ်းရှိ သန့်ဇင် ကုန်စည်ပို့ဆောင်ရေးဂိတ်ရှေ့၌
ဖေဖော်ဝါရီ ၁၂ ရက်က ယာဉ်အမှတ် ၉ခ/... UD အမျိုးအစား (၁ဝ)ဘီး ယာဉ်၏ရှေ့ဝဲဘက် လေးဖြုတ်လဲနေစဉ် ဂျိုက်ပြုတ်ကျမှုကြောင့် ယာဉ်နောက် လိုက် ဖြိုးငြိမ်း(၁၉)နှစ် ဝမ်းတွင်းမြို့ ရွာရှည်ကျေးရွာနေသူသည် ခါးကျိုး ဒဏ်ရာ၊

ဇက်ကျိုးဒဏ်ရာ၊ ခြေကျိုး ဒဏ်ရာတို့ဖြင့် သေဆုံးသွားပြီး ယာဉ်မောင်း အောင်မျိုးဦး (၃၃)နှစ်နှင့် ယာဉ်နောက်လိုက် ထွန်းကြွယ် (၃၆)နှစ် ဝမ်းတွင်းမြို့နေသူတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ သဖြင့် မြိတ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့တင်ပို့၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မြိတ်မြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် အောင်မျိုးဝင်းနှင့် တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သေမှုသေခင်း အမှုဖွင့်လှစ်နိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မိုးဟိန်း(မြိတ်)
The Mirror Daily