ပြည်ပသို့ နွားအရှင်တင်ပို့မှုများပြားလာခြင်းကြောင့် ခိုင်းနွားတန်ဖိုး နှစ်နှစ်အတွင်း ၅ဆခန့်မြင့်တက်လာ

ပို့စ်တင်ချိန် - 2/15/2014 05:41:00 PM


မကွေး၊ ဖေဖော်ဝါရီ ၁၅။

မြန်မာနိုင်ငံ၏ပြည်ပပို့ကုန်များ တင်ပို့ရာတွင် နွားအရှင်တင်ပို့မှုများကို တရားဝင်ခွင့်ပြုထားခြင်း မရှိသော်လည်း အိမ်နီးချင်းနိုင်ငံများ၏ နွားဝယ်ယူမှုမြင့်တက်လာသောကြောင့် ပြည်တွင်းနွားတန်ဖိုးများ ဆက်တိုက်မြင့်တက်လာနေပြီး နှစ်နှစ်တာကာလအတွင်း ခိုင်းနွားတန်ဖိုးများမှာ၅ဆခန့် မြင့်တက်လာကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ကိုးပင်ကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသ ကြီးဧရာဝတီမြစ်အနောက်ဘက်ကမ်းမြို့နယ်များရှိ နွားဝယ်ရောင်းများထံမှ သိရသည်။

“အရင်နှစ်နှစ်ခန့်က၆သိန်းလောက်ဆို ခိုင်းနွားတစ်ရှဉ်းကောင်းကောင်းရတယ် အခုတော့ တကယ်နွားကောင်းရင် တစ်ရှဉ်းသိန်းသုံးဆယ်လောက်ဆိုတော့ ၅ဆလောက် တက်သွားတာပေါ့”ဟု ကိုးပင်ကျေးရွာအုပ်စုအတွင်းမှ နွားဝယ်ရောင်းတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ပြည်ပ၀ယ်ယူမှု မြင့်တက်လာခြင်းသည် တောင်သူများအဓိကအားထား အသုံးပြုရာ ခိုင်းနွားဈေးကွက်ကို ထိခိုက်သည့်အပြင် ခိုင်းနွားလိုအပ်သူများအနေဖြင့်လည်း ယခင်ကကဲ့သို့ နွားအကောင်းများကို ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ခြင်းမရှိတော့ဘဲ နွားအငယ်များကို အကျင့်ခိုင်းခိုင်းရသောကြောင့် လုပ်ငန်းပြီးမြောက်မှုတွင် ယခင်ကထက် အချိန်ပိုပေးရနေကြရသည်။ တောင်သူများပိုမိုပင်ပန်းစွာ လုပ်ကိုင်ရသောအခြေအနေများဖြစ်ပေါ်နေသည်။

မကွေးတိုင်းဒေသကြီးအနေဖြင့် ဆီထွက်သီးနှံ့စိုက်ပျိုးမှုများပြားသောကြောင့် လယ်ယာသုံးစက်များထက် နွားများကိုသာ အဓိကအားထားစိုက်ပျိုးရကြောင်းလည်း သိရသည်။ အဆိုပါတရာမ၀င် တင်ပို့မှုများကိုမြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်တောလမ်းများမှ နှစ်ပေါင်းများစွာ တရားမ၀င်တင်ပို့နေခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏တင်ပို့ကုန်များတွင် နွားအရှင်တင်ပို့မှုကို ခွင့်ပြုထားခြင်းမရှိဘဲ အသားလွှာတင်ပို့ခြင်းနှင့် အသားခြောက်တင်ပို့ခြင်းများကိုသာ ခွင့်ပြုထားပြီး ယင်းကဲ့သို့တရားမ၀င် တင်ပို့ခြင်းများကြောင့် ပြည်တွင်းစာသုံးမှု ဈေးကွက်တွင် ဆက်စပ်ဈေးနှုန်းများ သိသိသာသာမြင့်တက်မှုများ ဖြစ်ပေါ်နေပြီး ၀င်ငွေနည်းသူများကိုပင် အသားစားသုံးမှု လျော့နည်းလာစေကြောင်း စားသုံးမှုဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယင်းသို့ပြည်တွင်းနွားများကိုတရားမ၀င် အများအပြားတင်ပို့နေခြင်းများကြောင့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနေသော ပြည်တောင်စုအစိုးရသစ်၏ ပြည်တွင်းစားသုံးမှုဖူလုံရေးကိုပါ ထိခိုက်လာနေပြီး ကျေးလက်မြို့များတွင် အသားဈေးထိန်းသိမ်းနိုင်မှု မရှိတော့ဘဲ အမဲသားတစ်ပိသာလျင် ငွေကျပ်၈၀၀၀ဈေးခန့် ဆိတ်သားတစ်ပိသာလျင် ငွေကျပ်၁၀၀၀၀(တစ်သောင်း)ဈေးနှင့် မြို့ပြများတွင် အမဲသားတစ်ပိသာလျင် ၁သောင်းခန့်နှင့် ဆိတ်သားတစ်ပိသာလျင် ၁သောင်း၂ထောင်ခန့် ဈေးပေါက်နေသည်။

ယင်းအပြင် တစ်ပိဿာလျင် ၂၅ကျပ်သားလောက်သာ ရသော အမဲခြောက်ဈေးမှာ ကျေးလက်မြို့နယ်များတွင် တစ်ပိဿာ၃သောင်း၂ထောင်ဈေး ရှိသောကြောင့် ၀င်ငွေနည်းပါးသော ၀န်ထမ်းနှင့်အခြားသော ၀န်ထမ်းများ၏ လူမှုစားဝတ်နေရေးကို ထိခိုက်နေရပြီး ပြည်သူများအာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် နွားနို့တိုက်ကျွေးခြင်းနှင့် အခြားသောလုပ်ဆောင်ချက်များကို ထိခိုက်နိုင်ကြောင်းလည်း အဆိုပါအဖြစ်အပျက်များအရ သိရသည်။

ဘကြီးအောင်(မကွေး)
The Myanma Age