ကျပ်သိန်းတစ်သောင်းခွဲကျော် ဆုံးရှုံးသည့် တောင်ငူဈေးမီးလောင်မှု ဈေးကော်မတီဝင် နှစ်ဦးနှင့် မီးပြင်သူကို အမှုဖွင့်

ပို့စ်တင်ချိန် - 2/15/2014 06:42:00 PM


တောင်ငူ၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ကျော် ဆုံးရှုံးခဲ့ရသော မြို့မဈေးကြီး မီးလောင်မှုနှင့် ပတ်သက်၍ ဈေး လျှပ်စစ်ကော်မတီဝင် တစ်ဦး၊ ဈေးလုံခြုံရေးကော်မတီဝင် တစ်ဦးနှင့် မီးပြင်သူတစ်ဦး တို့ကို အမှုဖွင့် အရေးယူခဲ့ကြောင်း တောင်ငူမြို့အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ မြို့မဈေးကြီး လျှပ်စစ်ကော်မတီဝင် ဦးတင်အေးနှင့် ဈေးလုံခြုံရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးတင်ထွန်းအောင် တို့၏ တာဝန်ပေးချက်အရ မီးပြင်သူ ဦးထွန်းထွန်းက ဈေးလုံခြုံရေးမီးများ တပ်ဆင်ပြုပြင်ရာမှ ဝါယာရှော့ဖြစ်ကာ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင် လုံးဝမီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာန မီးလောင်မှု စစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။

တောင်ငူမြို့အမှတ် (၁၆) ရပ်ကွက်ရှိ မြို့မဈေး မီးလောင်မှုကြောင့် ဈေးရုံပေါင်း ၃၈ ရုံအနက် မင်္ဂလာရုံ ၁၊ မင်္ဂလာရုံ ၂ ၊ မင်္ဂလာကြားရုံ၊ A ရုံ၊ B ရုံ၊ A ကပ်၊ B ကပ်၊ ရုံအမှတ် ၁၊ ၂၊ ၃၊ ၅ အပါအဝင် ဈေးရုံပေါင်း ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ဆိုင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၁၅၉၈၀ သိန်းခန့်ရှိပြီး လူတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှု မရှိကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။

"ကျွန်တော့်ဆေးဂိုဒေါင် တစ်ခုလုံး ပါသွားတယ်။ ဘာမှပြန်မရဘူး။ ဆုံရှုံးမှုတန်ဖိုး ကိုတော့ ပြောတောင် မပြောချင် တော့ပါဘူးဗျာ" ဟု မီးလောင်ဆုံးရှုံးခဲ့သူ ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။

မီးလောင်ခဲ့သော ဆိုင်ခန်းများအတွက် ယာယီဈေး မြေနေရာကို တောင်ငူမြို့ အမှတ် (၂) ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်း အ-ထ-က (၂) ကျောင်းပိုင် ဘောလုံးကွင်း မြေနေရာတွင် ယာယီချထားပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားပြီး ၄ နာရီခန့်အကြာတွင် တောင်ငူမြို့ အမှတ် (၂) ရဲစခန်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။

မြို့မဈေးကြီး မီးလောင်မှု မဖြစ်ပွားခင် ယမန်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ညဥ့် သန်းခေါင်ယံ အချိန်ကလည်း အဆိုပါရပ်ကွက် ကုန်သည်ကြီးလမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်းလေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း တောင်ငူ မြို့ခံများနှင့် ခရိုင် မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

ဈေးမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့ အမှတ်-၂ ရဲတပ်ဖွဲ့စခန်းက ဦးတင်အေး၊ ဦးတင်ထွန်းအောင်နှင့် ဦးထွန်းထွန်းတို့ကို (ပ) ၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly