အယ်ကိုင်ဒါ ခွဲထွက်အဖွဲ့ လူ ၁၃ ဦးကို ပစ်သတ်

ပို့စ်တင်ချိန် - 2/15/2014 04:51:00 PM


အယ်ကိုင်ဒါ ခွဲထွက်အဖွဲ့တဖွဲ့က အလစ်ပိုမြို့နားမှာ အနည်းဆုံးလူ ၁၃ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဆီးရီးယား လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။

အီရတ်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံမှာပါ လှုပ်ရှားနေတဲ့ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေး အယ်ကိုင်ဒါအဖွဲ့က ပြိုင်ဖက်သူပုန်တွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေကိုပါ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်သတ်ခဲ့တဲ့အချိန်ကိုတော့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခြင်းမရှိပါဘူး။ အလစ်ပိုမြို့ဟာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ၃ နှစ်နီးပါးကာလအတွင်းမှာ အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်တပ်တွေကြား တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ပွား နေရာတွေထဲက တခုဖြစ်ပါတယ်။

အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေး အယ်ကိုင်ဒါတပ်ဖွဲ့တွေမှာ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ အများအပြားပါဝင်ပြီး သေးငယ်ပေမယ့် အစွမ်းထက်တဲ့ တပ်ဖွဲ့တွေဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို ဆီးရီးယားသူပုန်တွေ သိမ်းပိုက်ထားတဲ့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကနေ ဇန်န၀ါရီလက တိုက်ထုတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ အနောက်ပိုင်း သူပုန်တွေ သိမ်းပိုက်ထားတဲ့ လဘနွန်နယ်စပ်က မြို့က အရပ်သားတွေဟာ အစိုးရတပ်တွေ တိုးမြှင့်တိုက်ခိုက်မယ်ဆိုတာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က မြို့ကနေ ထွက်ခွာခဲ့ကြပါတယ်။

မြို့ဟာ မြို့တော်ဒမစကပ်ကနေ မြေထဲပင်လယ်ကို ဆက်သွယ်ပေးမယ့် အရေးပါတဲ့မြို့ဖြစ်ပါတယ်။

ဒယ်ရာမြို့မှာ အစိုးရလေတပ်က ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဗုန်းတွေဆက်ကြဲခဲ့လို့ ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ တချိန်ထဲမှာပဲ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာတော့ ဒုတိယအကြိမ် ဆွေးနွေးပွဲဟာ အောင်မြင်မှုမရပေမယ့် တတိယအကြိမ်တွေ့ဆုံဖို့ ပြင်ဆင်နေပါတယ်။

ရုရှားအဆင့်မြင့်သံတမန်တွေ ပြောတာကတော့ ဒမစကပ်အစိုးရဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကို အလေးထားပေမယ့် သူပုန်အဖွဲ့တွေက အစိုးရနဲ့ပေါင်းပြီး အကြမ်းဖက်တွေကို မတိုက်ခိုက်ပေးပါက အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းဖို့ကိစ္စကို ဆွေးနွေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာ လူ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

DVB Burmese