လွန်ခဲ့သော နှစ်ပေါင်း ၁၈၀ ကျော် ကတည်းက ဒါဝင် တွေ့ရှိခဲ့သည့် ချေးပိုးထိုးကောင်

ပို့စ်တင်ချိန် - 2/15/2014 06:03:00 PM


ဖေဖော်ဝါရီ ၁၄။

လွန်ခဲ့သော နှစ်ပေါင်း ၁၈၀ ကျော်ကတည်းက ချားလ်စ်ဒါဝင် တွေ့ရှိစုဆောင်းခဲ့သည့် ချေးပိုးထိုးကောင်ကို လန်ဒန် သဘာဝ သမိုင်းပြတိုက် သိုလှောင်ခန်းတွင် ဆယ်စုနှစ်များစွာ ကြာအောင် သိမ်းဆည်းထားခဲ့ပြီး ယခု အချိန်တွင် ပြန်လည် လေ့လာ ဆန်းစစ်ရာမှ မျိုးစိတ် အသစ်တစ်ခု အဖြစ် သက်မှတ်ခဲ့ခြင်း ဖြစ်သည်။

ချားလ်စ်ဒါဝင်နှင့် စာရေးဆရာ ဒေးဗစ်ဆီဒရစ်တို့ကို ဂုဏ်ပြုသောအားဖြင့် ၎င်းမျိုးစိတ် အသစ်ကို ဒါဝင်နီးလပ်စ် ဆီဒရာစီ ဟု အမည်ပေးခဲ့ကြောင်း ဒါဝင်၏ ၂၀၅ နှစ်မြောက် မွေးနေ့ ဖေဖော်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူးနေ့တွင် ကြေငြာခဲ့သည်။

“ ဒီလိုမျိုး မျိုးစိတ်အသစ်တွေကို ရှာဖွေရတာ စိတ်လှုပ်ရှားစရာပါပဲ။ ဒါဝင် စုဆောင်းခဲ့တဲ့ မျိုးစိတ်အသစ်ကို တွေ့ရှိတာကတော့ လုံးဝ အံ့အားသင့်စရာပါပဲ ” အင်းဆက် ပိုးမွှားလေ့လာသည့် ပညာရှင် စတိုင်လီယန်နော့စ် ချက်ဇီမန်နိုလစ်မှ ပြောဆိုခဲ့သည်။

ပျောက်ဆုံးခဲ့သည်ဟု သက်မှတ်ထားသော တောင်အမေရိက ချေးပိုးထိုး မျိုးရင်းကို လန်ဒန်ရှိ သဘာဝ သမိုင်းပြတိုက် သိုလှောင်ခန်းတွင် တွေ့ရှိခဲ့သည်။ လွန်ခဲ့သော သိပံ္ပပညာရှင်များမှ ကမ္ဘာသစ် ( အမေရိကတိုက် ) အပူပိုင်းဇုန်မှ ရရှိခဲ့သော ချေးပိုးထိုး မျိုးရင်းများကို လေ့လာရင်း ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “ လန်ဒန်ပြတိုက်ကနေ ကျွန်တော့်ဆီကို ပိုးမွှားတွေ တစ်ချို့ လေ့လာဖို့အတွက် လှမ်းပို့လိုက်တော့ အံ့အားသင့်စရာက အဲ့ဒီ ပိုးမွှားတွေထဲက ချေးပိုးထိုးတစ်ကောင်ဟာ ဒါဝင် စုဆောင်းခဲ့တာလို့ သိလိုက်ရတာပါ ” ဟု ချက်ဇီမန်နိုလစ်မှ တင်နက်ဆီ တက္ကသိုလ်တွင် ပြောကြားခဲ့သည်။

၁၈၃၂ ခုနှစ်က အာဂျင်တီးနားရှိ ဘဟာဘလန်ကာတွင် ဒါဝင်သည် ချေးပိုးထိုးမျိုးစိတ်များကို စုဆောင်းခဲ့ပြီး ယခု ပြန်လည် တွေ့ရှိရသည့် ချေးပိုးထိုး အထီးကောင်သည် ၎င်းမျိုးစိတ်များတွင် အပါအဝင် ဖြစ်သည်။ ဒါဝင် လိုက်ပါစီးနင်းခဲ့သည့် ငါးနှစ်ကြာ HMS ဘီဂယ်လ် သဘောင်္ခရီးစဉ်၏ အစောပိုင်း ကာလများတွင် တွေ့ရှိ စုဆောင်းထားခြင်း ဖြစ်သည်။ သဘောင်္ပေါ်တွင် လိုက်ပါခဲ့သည့် ငါးနှစ်ကြာ ခရီးစဉ်ကြောင့် သူ၏ နာမည်ကျော် သဘာဝတရား၏ ရွေးချယ်မှုကြောင့် ဖွံ့ဖြိုးတိုးတက်ခြင်း သီအိုရီကို ဖော်ထုတ်ရန် အထောက်အကူ များစွာ ရရှိခဲ့သည်။

ဒါဝင်နီးလပ်စ် ဆီဒရာစီ မျိုးစိတ်မှ အခြား ချေးပိုးထိုး အထီး တစ်ကောင်ကို ၁၉၃၅ ခုနှစ် မတိုင်ခင်က အာဂျင်တီးနားနိုင်ငံ ခရိုဒိုဘာခရိုင်ရှိ ရိုကူအာတိုမြို့တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ ၎င်းမျိုးစိတ်ထဲမှ အကောင်များကို ယူရိုပီယန်နှင့် မြောက်အမေရိကရှိ ပြတိုက်များတွင် တွေ့ရှိခဲ့ခြင်း မရှိပေ။ သို့ရာတွင် တောတောင်များမှ လည်းကောင်း၊ ပြတိုက်များ၏ စုဆောင်းမှုများထဲမှ လည်းကောင်း ၎င်းမျိုးစိတ်များကို ထပ်မံတွေ့ရှိလိမ့်မည်ဟု ချက်ဇီမန်နိုလစ်မှ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ချေးပိုးထိုးကောင်တွင် လွှသွားသဏ္ဍာန် ဦးမှင်များ ရှိပြီး ဦးခေါင်းမှာ အစိမ်းရောင် ဆဋ္ဌဂံပုံစံ ရှိသည်။ ယခု မျိုးစိတ်မှာ လှည့်လည်သွားလာသည့် မျိုးရင်းထဲမှ ဖြစ်သည်။ ချေးပိုးထိုးကောင်များကို မျိုးစိတ်ပေါင်း ၅၇၀၀၀ ကျော် ခွဲခြား သက်မှတ်ထားသည်။

REF: FoxNews
The Myanma Age