ကမ္ဘောဒီးယား ဒေသခံနဲ့ အာဏာပိုင်တွေ ပဋိပက္ခကြောင့် လူ ၄ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 2/15/2014 07:40:00 PM


ကမ္ဘောဒီယားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မြို့တော် ဖနွိုင်ပင်က ဆင်းရဲသား ရပ်ကွက်တခုကို အာဏာပိုင်တွေက သွားရောက်ရွှေ့ပြောင်းခိုင်းရာမှာ ဒေသခံတွေနဲ့ ပဋိပက္ခတွေဖြစ်လို့ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မပြီးပြတ်သေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတခုကို သိမ်းပိုက်ထားသူတွေကို အာဏာပိုင်တွေက သွားရောက် ဖယ်ခိုင်းခဲ့တာကနေ စတာလို့ ဒေသခံ ဥပဒေရေးရာ ပညာပေးစင်တာက လူအခွင့်အရေးစောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

နေ့စဉ် ဖနွိုင်ပင်ပိုစ့်သတင်းစာက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဒေသခံတွေက သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြီးခဲ့တဲ့လက အိမ် ၂၀၀ လောက်ကို ဖြိုဖျက်ပြီး အိမ် ၈ လုံးပဲ ပြန်ဆောက်ပေးခဲ့တာကြောင့် အိမ်ထောင်စုရာနဲ့ချီပြီး အိုးအိမ်မဲ့ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားအစိုးရဟာ ပြည်တွင်းစစ်ကြောင့် ပျက်စီးခဲ့ရတဲ့နိုင်ငံကနေ စီးပွားရေးတိုးတက်တဲ့ နိုင်ငံတနိုင်ငံအဖြစ် အသွင်ပြောင်းနေရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မြေရာဥပဒေ မခိုင်မာမှုတွေက နောက်ပြန်ဆွဲနေတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီယားနိုင်ငံဟာ အထည်အလိပ်လုပ်ငန်းဟာ အောင်မြင်နေပြီး ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုကလည်း တိုးတက်နေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံထက် လုပ်သားခဈေး သက်သာတာကြောင့် တန်ဖိုးနည်းကုန် ထုတ်လုပ်ရေးလုပ်ငန်းတွေဟာလည်း တိုးတက်နေပြီး မြို့တော် ဖနွိုင်ပင်ဟာလည်း ခေတ်မီမြို့တော်အဖြစ် အသွင်ပြောင်းနေတယ်လို့လည်း ဆိုပါတယ်။

၁၉၇၅ – ၁၉၇၉ ခုနှစ်အတွင်း ခမာနီတွေက ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို ဖျက်သိမ်းခဲ့တာကြောင့် ကမ္ဘောဒီယားပြည်သူ ၂၀ ရာခိုင်နှုန်းကသာ မြေယာပိုင်ဆိုင်မှုရှိတာလည်း ဖြစ်ပါတယ်။

DVB Burmese