အကျဉ်းထောင်များတွင် သတင်းစာ ဖတ်ခွင့်ရရန် အစိုးရကို တင်ပြမည်

ပို့စ်တင်ချိန် - 6/27/2013 10:31:00 PM


အင်းစိန် အကျဉ်းထောင်တွင် နေ့စဉ်ထုတ် သတင်းစာများနှင့် ဂျာနယ်များကို ထောင်ပိုင်၏ အမိန့်ဖြင့် ဖတ်ရှုခွင့် ပိတ်ပင်ထားသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် အကျဉ်းထောင်များတွင် သတင်း စာဖတ်ခွင့် မပိတ်ပင်ရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းထံ တင်ပြသွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးညိုထွန်းက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီအနေနှင့် ယခုရက်ပိုင်းအတွင်း သမ္မတရုံး ဒုတိယ ဝန်ကြီး ဦးအောင်သိန်းနှင့် တွေ့ဆုံရန်ရှိပြီး အကျဉ်းထောင်များတွင် သတင်းစာဖတ်ခွင့် မပိတ်ပင်ရန် တင်ပြ သွားရန်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့ရှိ အင်းစိန် အကျဉ်းထောင်တွင် ယခင် ထောင်ပိုင်လက်ထက် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း များကို ဝယ်ယူ ဖတ်ရှုခွင့်ပေးထားသော်လည်း ထောင်မှူးသစ် ဦးကျော်ဌေး လက်ထက်တွင် ပိတ်ပင် ထားကြောင်း ဧပြီလအတွင်း အင်းစိန် အကျဉ်းထောင်မှ လွှတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ဦးဇော်မိုးက ပြောဆိုသည်။

ယင်းထောင်မှူး အပြောင်းအလဲဖြစ်ပြီး တစ်လအကြာတွင် ပုဂ္ဂလိက သတင်းစာများကို ဖတ်ရှုခွင့် ပိတ်ပင်ခဲ့ပြီး ရုံးခန်းအတွင်း ထားရှိသည့် အစိုးရ သတင်းစာများသာ ဖတ်ရှုခွင့်ရကြောင်း အင်းစိန် အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသည့် ဦးရဲမင်းဦးကို သွားရောက် တွေ့ဆုံ ခဲ့သူ ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

အကျဉ်းဦးစီးဌာန၏ ရုံးအုပ်ကြီး ဦးအောင်စိုးကမူ “အကျဉ်းသားတိုင်းကို စာဖတ်ခွင့် ပေးထားပါတယ်။ စာပေးမဖတ်ဖူးဆိုတာ မဟုတ်ပါဘူး။ စာစောင်တွေ လှူချင်တဲ့သူ ရှိရင်တောင် လက်ခံပေးပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်နှင့် တပ်မတော်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး၌ စာဖတ်ခွင့် ပိတ်ပင်ခြင်းအပါအဝင် အကျဉ်းထောင် အဆင့်အတန်းနှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၏ ထောက်ပြ ဝေဖန်မှုများ ရှိခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly