ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက်

ပို့စ်တင်ချိန် - 6/27/2013 02:06:00 PM


လုပ်ငန်းရှင်တယောက်က ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို အင်းကွက်ချ၊ ဖယောင်းတိုင်နဲ့လိပ်ပြီး မီးရှို့ခဲ့ပါတယ် တဲ့။

ဒီကနေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၂ မှာ ဖော်ပြထားတဲ့ ကြော်ငြာမှာ အဲဒီလို ရေးထားတာပါ။

အဲဒီလုပ်ရပ် ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေါ်ဝါဝါဝင်းရွှေရဲ့ရှေ့နေတွေက ထည့်သွင်းထားတဲ့ အဲဒီကြော်ငြာမှာ ရေးထားပါတယ်။

ဖြစ်ပုံက ဒေါ်ဝါဝါဝင်းရွှေက သူပိုင်တဲ့ ဆုထူးပန်ရုပ်ရှင်ရုံမြေနေရာမှာ ၁၂ ထပ်တိုက် "ဆုထူးပန် Tower" ဆောက်ဖို့   ဆောက်လုပ်ရေး လုပ်ငန်းတခုကို ကျပ်သိန်းပေါင်း ကိုးထောင် ပေးခဲ့တယ်၊

သို့သော်လည်း ၁၄ လ ကြာခဲ့ပေမယ့် ဆုထူးပန်ရုပ်ရှင်ရုံကို ဖြိုတဲ့လုပ်ငန်း၊ ခြံကာတဲ့လုပ်ငန်းပဲ ပြီးခဲ့တယ်လို့ ကြော်ငြာမှာ ရေးထားပါတယ်။

ဒါကြောင့် လုပ်ငန်းစာချုပ်ကို ဖျက်သိမ်းတယ် လို့ အဲဒီကြော်ငြာမှာ ရေးထားပါတယ်။
လက်ကျန်ငွေ ပြန်ပေးဖို့ တောင်းတာလည်း မရသေးဘူး၊ ရှောင်တိမ်းနေတယ် တဲ့။

စိတ်ဝင်စားဖို့ ကောင်းတာက ဒေါ်ဝါဝါဝင်းရွှေရဲ့ ဓာတ်ပုံကို မီးရှို့ခဲ့ရာမှာ လုပ်ငန်းရှင်ကိုယ်တိုင် ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း ဝန်ခံချက် အသံဖိုင်လည်း ရှိနေပါတယ် တဲ့။

မီးထွန်းတဲ့ဖြစ်ရပ်က ညသန်းခေါင်ယံတွေမှာပဲ ပေါ်ပေါက်ခဲ့ပါတယ် တဲ့။
ဒေါ်ဝါဝါဝင်းရွှေကို ချစ်တဲ့ မိတ်ကောင်းဆွေကောင်းများက ဖယောင်းတိုင်မီးကို အချိန်မီ ငြှိမ်းသတ်ပြီး သက်သေအဖြစ် သိမ်းခဲ့တယ်လို့ ဆိုတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ ကြော်ငြာပါပဲ။ (ကော်လံကို အလျားရှည်စွာ စာစီထားတာကတော့ ဖတ်ရခက် စိတ်ညစ်ဖွယ်ကောင်းလှပါတယ်)

ဓာတ်ပုံကို အင်းချပြီး မီးရှို့တာဟာ ယတြာချေတဲ့သဘော ဖြစ်ပါလိမ့်မယ်။
ယတြာ မပြီးခင် မီးငြှိမ်းခံရတဲ့အတွက် ယတြာမအောင်မြင်ဘူးလို့ ဆိုနိုင်တာပေါ့။

ယတြာတွေ၊ အစီအမံတွေ ပါဝင်နေတဲ့ ဒီအမှု ဘယ်လို ဆက်ဖြစ်မယ်၊ ဘယ်လို အဆုံးသတ်မယ် ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

(ဓာတ်ပုံ - ရွှေအမြုတေ)
ဧရာဝတီ